ပုသိမ်မြို့နယ်၌ ငါးကွမ်းရှပ်ခြောက်များ အရောင်းအဝယ် ကောင်းမွန်နေ
ပုသိမ် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၌ ငါးကွမ်းရှပ်ခြောက်များ အရောင်း အဝယ်ကောင်းမွန်နေကြောင်း ပုသိမ်မြို့နယ်မှ ငါးခြောက်အမျိုးမျိုး ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဆွေဆွေ၏ ပြောကြားချက်အရ သိရသည်။
ပုသိမ်မြို့နယ်၌ ယခုနှစ် မေလပထမ ပတ်မှ လက်ရှိအချိန်ထိ ဈေးကွက်အတွင်း ငါးကွမ်းရှပ်ခြောက်များ ဝယ်လိုအား ကောင်းပြီး အရောင်းအဝယ်ကောင်း မွန်နေခြင်းဖြစ်သည်။
''ဒီလထဲမှာ ငါးကွမ်းရှပ်ခြောက်တွေ အဝယ်လိုက်နေပါတယ်။ ဒေသဈေးကွက်မှာ တခြားငါးခြောက်တွေနဲ့ယှဉ်ရင် ငါးကွမ်းရှပ်ခြောက်က ပိုပြီးအရောင်းအဝယ် ကောင်းနေပါတယ်။ အခု ဈေးကွက်အတွင်း မှာ ပုံမှန်ထက်ပိုပြီး ငါးကွမ်းရှပ်ခြောက် အရောင်းအဝယ်သွက်လာတော့ ရေလုပ် သားတွေ၊ ကုန်သည်တွေ၊ ငါးခြောက် လုပ်ငန်းနဲ့ဆက်စပ်သူတွေ အလုပ်အကိုင် အဆင်ပြေနေပါတယ်'' ဟု ဒေါ်ဆွေဆွေ ကပြောသည်။
ပုသိမ်မြို့နယ်၌ ငါးခြောက်အမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများ သည် ငါးကွမ်းရှပ်ခြောက်များအပါအဝင် ရေထွက်ကုန်ပစ္စည်း အမျိုးမျိုး၊ ပုစွန်အမျိုးမျိုးနှင့် ကဏန်းများကို ဝယ်ယူပြီး စနစ်တကျ သန့်စင်ထုပ်ပိုးကာ ရန်ကုန် ဈေးကွက်နှင့် ဝယ်ယူလိုသည့် ဒေသများသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
MWD
