ယခုဘဏ္ဍာနှစ် တစ်လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်ငါး မက်ထရစ်တန် တစ်သောင်းကျော် တင်ပို့နိုင်
ရန်ကုန် မေ ၁၀
ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် တစ်လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်ငါးမက်ထရစ်တန် တစ်သောင်းကျော်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
"ယခုဘဏ္ဍာနှစ် ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်ကနေ ၃၀ ရက်အထိ တစ်လတာကာလအတွင်း ငါးတင်ပို့မှု အနေနဲ့ မက်ထရစ်တန် ၁၁၄၄၁ ဒသမ ၆၂၄ တန် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၃၅၄ သန်း ရရှိခဲ့ပါတယ်"ဟု ၎င်းကပြောသည်။
ယခုဘဏ္ဍာနှစ် ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း ပုံမှန်ကုန် သွယ်မှုမှ ငါးမက်ထရစ်တန် ၈၉၅၄ ဒသမ ၈၉၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆၄၈ သန်းရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ် တန် ၂၄၈၆ ဒသမ ၇၃၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၀၆ သန်းရရှိသည့်အတွက် ပြည်ပ သို့ စုစုပေါင်းငါးမက်ထရစ်တန် ၁၁၄၄၁ ဒသမ ၆၂၄ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၃၅၄ သန်းရရှိခဲ့သည်။
ပြည်တွင်းမှ ငါးအပါအဝင် တခြားရေထွက်ကုန် များလည်း တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် တစ်လ တာကာလအတွင်း ရေထွက်ကုန်တင်ပို့မှုမှ မက်ထရစ် တန် ၁၈၁၆၀ ဒသမ ၇၂၉ တန်တင်ပို့ခဲ့သည်။
ပြည်တွင်းမှ ပုစွန်အပါအဝင် ငါးစသည့် ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ဂျပန်နိုင်ငံ စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့ သည့်အပြင် နယ်စပ်ကုန်သွယ်မှုမှလည်း တိုက်ရိုက် တင်ပို့ကြောင်း သိရသည်။
MWD
