ဟန်ဂေရီရွေးကောက်ပွဲတွင် အတိုက်အခံအောင်ပွဲရမှုအပေါ် ဇီလန်စကီး ဂုဏ်ပြုကြိုဆို

News Image

  • ဟန်ဂေရီရွေးကောက်ပွဲတွင် အတိုက်အခံအောင်ပွဲရမှုအပေါ်  ဇီလန်စကီး ဂုဏ်ပြုကြိုဆို

ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဧပြီ ၁၂) က ပြုလုပ်ခဲ့သော ဟန်ဂေရီ ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ပီတာမာဂျာ (Petér Magyar) က ပြတ်သားသော အောင်ပွဲရရှိခဲ့သည့်အတွက် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ ဇီလန်စကီး က ၎င်း၏ Telegram ချန်နယ်မှတစ်ဆင့် ဂုဏ်ပြုရာတွင် ယခုကဲ့သို့ အပြုသဘောဆောင်သောချဉ်းကပ်မှုမျိုး အောင်မြင်လာခြင်းသည် အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံအတွက် ယခုဟန်ဂေရီရွေးကောက်ပွဲရလဒ်သည် အလွန်အရေးပါသော အပြောင်းအလဲတစ်ခု ဖြစ်သည်။ အကြောင်းမှာ လက်ရှိ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Victor Orbán) သည် ရုရှားသမ္မတ ပူတင်၏ ရင်းနှီးသောမဟာမိတ်ဖြစ်ပြီး ယူကရိန်းကို ကူညီရန် ကြိုးပမ်းသည့် ဥရောပသမဂ္ဂ၏အစီအစဉ်များနှင့် ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုများကို အစဉ်တစိုက် တားဆီးနှောင့်ယှက်နေခဲ့ခြင်းကြောင့် ဖြစ်သည်။

ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း၌လည်း ဝန်ကြီးချုပ်အော်ဘန်သည် ဇီလန်စကီးကို အဓိကရန်သူအဖြစ် ပစ်မှတ်ထားကာ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဟန်ဂေရီနိုင်ငံတစ်ဝန်းရှိ မဲဆွယ်ပိုစတာ များတွင် ဇီလန်စကီးကို "အန္တရာယ်ရှိသော ရာဇဝတ်ကောင်" အဖြစ် ပုံဖော်ခဲ့ပြီး ၎င်းက ဟန်ဂေရီကို ယူကရိန်း၏ကိုလိုနီအဖြစ် ပြုလုပ်လို နေသည်ဟု စွပ်စွဲမှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ အတိုက်အခံဘက်က အောင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်။

ဇီလန်စကီးကမူ ၎င်းတို့အနေဖြင့် ဥရောပနိုင်ငံအားလုံးနှင့် အိမ်နီးချင်းကောင်း ပုဂ္ဂိုလ်ရေးဆက်ဆံရေးမျိုးကို အမြဲတစေလိုလားခဲ့ကြောင်းနှင့် အစိုးရသစ် လက်ထက်တွင် ဟန်ဂေရီနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရန် အသင့်ရှိကြောင်း အပြုသဘောဆောင်သည့် သဘောထားကို ထုတ်ဖော်ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: Kyiv Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး