လာဗရော့ဗ်၏ အိန္ဒိယခရီးစဉ်အသေးစိတ်ကို မော်စကို ထုတ်ပြန် ကြေညာ
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်သည် မေလတွင် ကျင်းပမည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်ရန် အိန္ဒိယ နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း မော်စကိုက အတည်ပြုခဲ့သည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံသည် အဆိုပါအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၉) တွင် ပြောကြားရာ၌ လာဗရော့ဗ်၏ ခရီးစဉ်အတွင်း လက်ရှိ နိုင်ငံတကာပြဿနာရပ်များနှင့် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်လာစေရန် မျှော်မှန်းချက်များအပေါ် အနှစ်သာရရှိပြီး နက်နက်ရှိုင်းရှိုင်းဆွေးနွေးသွားရန် မျှော်လင့်ထားကြောင်း ပြောဆိုခဲ့သည်။
ထို့အပြင် စက်တင်ဘာလတွင် နယူးဒေလီမြို့၌ ကျင်းပမည့် (၁၈) ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုများကိုလည်း ဆွေးနွေးမည်ဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တက်ရောက်ရန် အလားအလာရှိနေသည်။ အလားတူပင် အိန္ဒိယ ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီသည်လည်း ယခုနှစ်နှောင်းပိုင်းတွင် မော်စကို သို့ သွားရောက်ရန် စီစဉ်ထားသည်။
လာဗရော့ဗ်သည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ "အဆင့်မြင့်ခေါင်းဆောင်ပိုင်းနဲ့လုပ်ငန်းအဆင့် ဆက်သွယ်မှု အစီအစဉ်တွေအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးကဏ္ဍစုံကိုဆွေးနွေးဖို့ စီစဉ်ထားပါတယ်" ဟု ဇာခါရိုဗာက ဆိုသည်။
အိန္ဒိယနိုင်ငံသည် ရုရှားထံမှ စတုတ္ထမြောက် S-400 Triumf မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်ကို မေလတွင် လက်ခံရရှိရန် ရှိနေကြောင်း PTI သတင်းဌာနက ဖော်ပြခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ဒေါ်လာ ၅ ဘီလီယံတန် သဘောတူညီချက်အရ ဒုံးကျည်စနစ် ၅ ခုအနက် ၃ ခုကို ပေးပို့ပြီးဖြစ်သည်။ ထို့အပြင် Su-57 တိုက်လေယာဉ်များ ထုတ်လုပ်ရေးအတွက် ညှိနှိုင်းမှုများသည်လည်း နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့် အဆင့် သို့ ရောက်ရှိနေပြီဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလက သမ္မတ ပူတင်၏ အိန္ဒိယ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သော အလုပ်သမားရွှေ့ပြောင်းသွားလာမှု သဘောတူညီချက် အရ ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်လုပ်သားများကို အကန့်အသတ်မရှိလက်ခံရန် စိတ်အားထက်သန်လျက် ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
