အီရန်စစ်ပွဲအပေါ် လူထုထောက်ခံမှုနှင့်ပတ်သက်၍ အိမ်ဖြူတော်နှင့် စစ်တမ်းများအကြား အမြင်ကွဲလွဲမှုများ ဖြစ်ပေါ်နေ

News Image

  • အီရန်စစ်ပွဲအပေါ် လူထုထောက်ခံမှုနှင့်ပတ်သက်၍ အိမ်ဖြူတော်နှင့် စစ်တမ်းများအကြား အမြင်ကွဲလွဲမှုများ ဖြစ်ပေါ်နေ

အမေရိကန် စစ်မက်ရေးရာဝန်ကြီး (Secretary of War) Pete Hegseth သည် အီရန်အပေါ် ဆင်နွှဲနေသည့်စစ်ဆင်ရေးကို ပြည်သူများက ထောက်ခံ နေကြောင်း လွှတ်တော်တွင် ထွက်ဆိုခဲ့သော်လည်း လက်တွေ့ထွက်ပေါ်နေသည့် နိုင်ငံလုံးဆိုင်ရာစစ်တမ်းများမှာမူ ထိုပြောကြားချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း တွေ့ရှိရသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလက အမေရိကန်-အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုဖြင့် စတင်ခဲ့သော အဆိုပါစစ်ပွဲသည် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြီးဆုံးမည်ဟု ခန့်မှန်းခဲ့သော်လည်း ယခုအခါ ကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံအထိ မြင့်တက်လာပြီး အရပ်သား ၁,၃၀၀ ကျော် သေဆုံးခဲ့ရကာ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကြောင့် ကမ္ဘာ့စွမ်းအင်ကဏ္ဍတွင်လည်း ကြီးမားသော အကျပ်အတည်းများ ဆိုက်ရောက်လျက်ရှိသည်။

သမ္မတ ဒေါ်နယ်ထရမ့်ကမူ Harvard Harris စစ်တမ်းကိုကိုးကား၍ ပြည်သူအများစုက ၎င်း၏မူဝါဒကို ထောက်ခံသည်ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ သို့သော် အဆိုပါစစ်တမ်းကို အသေးစိတ်လေ့လာကြည့်ပါက ထောက်ခံမှုမှာ ပါတီအစွဲအလိုက် အလွန်ကွဲပြားနေပြီး NPR ၊ CNN နှင့် Reuters တို့၏ စစ်တမ်းများအရ ဧပြီလကုန်ပိုင်းတွင် အမေရိကန် ပြည်သူအများစုမှာ စစ်ရေးအရအရေးယူမှုကို ဆန့်ကျင်လာကြကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ပါတီစွဲမရှိသူများနှင့် ဒီမိုကရက်များအကြား ထောက်ခံမှု သိသိသာသာကျဆင်းနေခြင်း ဖြစ်သည်။

ဝန်ကြီး Hegseth ကမူ လွှတ်တော်တွင် စစ်ပွဲကိုဝေဖန်နေသည့် အမတ်များကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပြီး ၎င်းတို့ကို ရန်သူ့ဘက်တော်သားများအဖြစ် စွပ်စွဲခဲ့သည်။ သို့သော်လည်း လက်တွေ့တွင် သမ္မတထရမ့်၏ လူထုထောက်ခံမှုနှုန်းမှာ စံချိန်တင် ကျဆင်းနေပြီး မြင့်တက်လာသော စွမ်းအင်ဈေးနှုန်းများကြောင့် ရှေ့လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်တို့အတွက် နိုင်ငံရေးအရထိုးနှက်ချက် ဖြစ်လာနိုင်ကြောင်း စီးပွားရေးခေါင်းဆောင်များက သတိပေးနေကြသည်။

တစ်ဖက်တွင်လည်း ဒီမိုကရက်များက လွှတ်တော်ခွင့်ပြုချက်မပါဘဲ စစ်ပွဲဆင်နွှဲနေခြင်းမှာ ဥပဒေချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ သမ္မတကို တရား စွဲဆိုရန် ပြင်ဆင်နေကြသဖြင့် အိမ်ဖြူတော်အနေဖြင့် စစ်ရေးရော နိုင်ငံရေးအရပါ ဖိအားများစွာနှင့် ရင်ဆိုင်နေရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး