ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ရန် အမေရိကန်၏ စီမံချက်အသစ်တွင် ရုရှားနှင့် တရုတ်တို့ကို ချန်လှပ်ထား
ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို ထိန်းချုပ်ရန်နှင့် အီရန်၏ ပိတ်ဆို့မှုများကို တုံ့ပြန်ရန်အတွက် အမေရိကန် က "Maritime Freedom Construct (MFC)" မဟာဗျူဟာမြောက် စီမံချက် အသစ်တစ်ရပ်ကို စတင်လိုက်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကမ္ဘာတစ်ဝန်းရှိ သံရုံးများသို့ပေးပို့ခဲ့သော ကြေးနန်းစာအရ အဆိုပါစီမံချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် CENTCOM စစ်ဌာနချုပ်တို့ ပူးတွဲစီမံခန့်ခွဲမည်ဖြစ်ကြောင်း သိရှိရသည်။ သို့သော် ထိုစီမံချက်တွင် အမေရိကန်၏ ပြိုင်ဘက်များဖြစ်ကြသော ရုရှား၊ တရုတ်၊ ဘယ်လာရုစ် နှင့် ကျူးဘားနိုင်ငံတို့ကိုမူ ပါဝင်ခွင့်မပြုဘဲ အတိအလင်း ချန်လှပ်ထားသည်။
အဆိုပါစီမံချက်သည် သမ္မတ ထရမ့်၏ ယခင်က ‘အပြင်းထန်ဆုံး ဖိအားပေးမှု’ (Maximum Pressure) မဟာဗျူဟာနှင့်သီးခြားစီဖြစ်ပြီး ပါဝင်လာမည့် မိတ်ဖက်နိုင်ငံများအနေဖြင့်လည်း စစ်အင်အား ထည့်ဝင်ရန် တာဝန်ရှိမည် မဟုတ်ကြောင်း ဖော်ပြထားသည်။ အမေရိကန်၏ ရည်ရွယ်ချက်မှာ အီရန် ၏ အဟန့်အတားများကို စုပေါင်းအင်အားဖြင့်ရင်ဆိုင်ရန်နှင့် ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသော ရေနံတင်ပို့သည့်လမ်းကြောင်းကို အကာအကွယ်ပေးရန်ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း အီရန်၌ အစိုးရအပြောင်းအလဲဖြစ်စေရန် ရည်ရွယ်သည့် အမေရိကန်-အစ္စရေး စစ်ဆင်ရေးကို မထောက်ခံခဲ့ကြသော ဥရောပ နေတိုးအဖွဲ့ဝင်နိုင်ငံအချို့နှင့် အမေရိကန်အကြား တင်းမာမှုများ ရှိနေသည်။ အထူးသဖြင့် အဆိုပါစစ်ဆင်ရေးကို ကန့်ကွက်ခဲ့သော စပိန်ကဲ့သို့သော နိုင်ငံများသည် အိမ်ဖြူတော်၏ အရေးယူမှုစာရင်းတွင် ပါဝင်နေကြောင်း သတင်းများက ဆိုသည်။
အီရန်နိုင်ငံသည် ဖေဖော်ဝါရီလအတွင်းက အာရပ်နိုင်ငံများရှိ အမေရိကန် စခန်းများကို တိုက်ခိုက်ခြင်းနှင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခြင်းတို့ဖြင့်တုံ့ပြန်ခဲ့ရာ ဒေသတွင်း တင်းမာမှုများ မြင့်တက်နေခဲ့သည်။ ပါကစ္စတန်၏ ကြားဝင်စေ့စပ်မှု ပျက်ပြယ်သွားပြီးနောက် သမ္မတ ထရမ့် က အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့်ပိတ်ဆို့ရန် ကြေညာထားခြင်းကြောင့် အရှေ့အလယ်ပိုင်းအခြေအနေမှာ ပိုမိုစိုးရိမ်ဖွယ်ရာ ဖြစ်လာနေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
