နေပြည်တော် ဧပြီ ၁၇
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံ သို့ သဘာဝဓာတ်ငွေ့ရည်(LNG)၊ ရေနံဓာတ်ငွေ့ရည်(LPG)၊ ဓာတ်မြေဩဇာအပါအဝင် ရေနံစိမ်းကုန်ကြမ်းနှင့် ရေနံထွက်ပစ္စည်းများ တင်ပို့နိုင်ရေး အတွက် ရုရှားနိုင်ငံစွမ်းအင်ဝန်ကြီးဌာန၏ စီမံဆောင်ရွက်ပေးမှုဖြင့် ရုရှားနိုင်ငံအခြေစိုက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုအခြေခံသည့် သက်သာသောဈေးနှုန်းဖြင့် ရရှိနိုင်ရေး၊ အရည်အသွေးအာမခံချက်ရရှိရေးနှင့် လမ်းခရီးလုံခြုံစိတ်ချရမှု အာမခံချက်ရှိစေရေး၊ ရေရှည်ထောက်ပံ့ပို့ဆောင်နိုင်ရေးတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စဉ်ဆက်မပြတ် ထိတွေ့ဆောင်ရွက်သွားနိုင်မည့် အစီအမံများ ချမှတ်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ Inter RAO ကုမ္ပဏီနှင့် တွေ့ဆုံ၍ ထားဝယ် ရေနက်ဆိပ်ကမ်းတွင် ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်မည့်ကိစ္စ၊ ရေနံချက်စက်ရုံတည်ဆောက်မည့်ကိစ္စ၊ LNG ဆိပ်ကမ်းနှင့် စက်ရုံတည်ဆောက်မည့်ကိစ္စတို့ကို ဆွေးနွေးပြီး မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် သဘာဝဓာတ်ငွေ့သုံးတာဘိုင်များ၊ အင်ဂျင်များကို စွမ်းအားမြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ ပုံမှန်စစ်ဆေးထိန်းသိမ်း ပြုပြင်သွားလိုသည့် အခြေအနေများ၊ တာဘိုင်စက်များနှင့် စပ်လျဉ်းသည့် နည်းပညာများကို လက်တွေ့လေ့ကျင့်သင်ကြားပေးရန် ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ညှိနှိုင်းဆွေးနွေးသည်။
ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ရေနံစိမ်းကုန်ကြမ်းနှင့် ရေနံထွက်ပစ္စည်းများကို ရေရှည်အစီအမံဖြင့် ရုရှားနိုင်ငံမှ ထောက်ပံ့ပေးနိုင်ရေး သဘောတူညီမှုအပါအဝင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန်တို့အတွက် မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ Investment Development Fund “RC Investments” တို့အကြား စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွှန်လွှာ(Memorandum of Cooperation)ကို ပြည်ထောင်စုဝန်ကြီး၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ နယ်ပယ်တစ်ရပ်လုံးတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လေ့ကျင့်သင်ကြားပေးရေးတို့အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန်အတွက် နားလည်မှုစာချွှန်လွှာ(MoU) တစ်ရပ်ကို မကြာမီအချိန်အတွင်း ရေးထိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
