နောင်ချိုမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကွင်းဆင်းဆောင်ရွက်
နောင်ချို ဧပြီ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လွင်သည် နောင်ချိုမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နေပြီဖြစ်သော မွေးမြူရေးခြံများသို့ မြို့နယ်အတွင်း နွားနို့နှင့် ကြက်ဥစားသုံးမှု ဖူလုံစေရုံသာမက ထုတ်လုပ်မှု ပိုမိုတိုးတက်မြင့်မားလာစေရေး၊ ကူးစက်ရောဂါများ ကင်းဝေးစေရေးနှင့် မြစိမ်းရောင် စီမံကိန်းကျေးရွာရှိ တစ်နိုင်တစ်ပိုင် ဒေသကျွဲမွေးမြူရေး တောင်သူများ၏ မွေးမြူရေးအသိပညာ မြင့်မားလာစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လွင်သည် ယမန်နေ့က နောင်ချိုမြို့နယ် ခဲထိတ်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးထွန်းထွန်း ၏ နို့စားနွား ၃၅၇ ကောင် မွေးမြူထားရှိသော PEP နို့စားနွား မွေးမြူရေးခြံ၊ သုံးဆယ်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးအောင်ရဲလင်း၏ ဥစားကြက် ၂၂၅၀၀ မွေးမြူထားရှိသော ဥစားကြက် မွေးမြူရေးခြံ၊ အုမ္မခါးကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်စိုးရှောက်ဟွာ၏ ဥစားကြက် ၃၆၇၀၀ မွေးမြူထားရှိသော ဥစားကြက်မွေးမြူရေးခြံများသို့ ကွင်းဆင်းစစ်ဆေးကာ နွားနို့နှင့် ကြက်ဥထုတ်လုပ်မှု ပိုမိုတိုးတက်ရရှိစေရေး၊ မြို့နယ်အတွင်း စားသုံးမှုဖူလုံစေရုံသာမက အခြားမြို့နယ်များသို့ပါ ပိုမိုတင်ပို့ ရောင်းချနိုင်ရေး၊ နွားစာစရိတ် သက်သာစေရန် စားကျက်မြက်ခင်း များတိုးချဲ့စိုက်ပျိုး၍ မြက်အစိုနှင့် မြက်ချဉ်ဖတ် တိုးမြှင့်ပြုလုပ် ကျွေးမွေးခြင်းဖြင့် ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ကာ နို့နှင့်နို့ထွက်ပစ္စည်း ကုန်ချောများကို ပြည်တွင်းရှိမြို့နယ် အသီးသီးသို့ ဈေးနှုန်းသင့်တင့်စွာဖြင့် ဖြန့်ဖြူးနိုင်ရေး၊ ကူးစက်ရောဂါများကြိုတင်ကာကွယ် တားဆီးနိုင်ရေးတို့ အတွက် လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းဆောင်ရွက်ရမှု အခက်အခဲများအပေါ် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးခြင်း၊ ပေါက်ကုန်းကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရှိ ဒေသကျွဲမွေးမြူရေးတောင်သူများအား တွေ့ဆုံကာ တိရစ္ဆာန်ကူးစက် ရောဂါများ ကြိုတင်ကာကွယ်တားဆီးရေး၊ နိုင်ငံတော်၏ အရင်းမပျောက် မတည်ရန်ပုံငွေအား ကျေးရွာ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် အကျိုးရှိစွာအသုံးချလျက် တစ်နိုင်တစ်ပိုင် ဒေသကျွဲများ ဖြစ်ထွန်းအောင်မြင်အောင် ကြိုးစားမွေးမြူနိုင်ရေးတို့ကို အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
MDN
