အမေရိကန်၏ ယာယီပိတ်ဆို့မှုဖြေလျှော့စဉ်အတွင်း အိန္ဒိယက အီရန် ရေနံကို တရုတ်ယွမ်ငွေဖြင့် စတင်ပေးချေဝယ်ယူ
အမေရိကန်က အီရန်အပေါ်ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို တစ်လကြာ ယာယီကင်းလွတ်ခွင့်ပေးခဲ့ပြီးနောက် အိန္ဒိယရေနံချက် စက်ရုံများသည် အီရန်ထံမှ ရေနံစိမ်းဝယ်ယူမှုများအတွက် အမေရိကန် ဒေါ်လာအစား တရုတ်ယွမ်ငွေဖြင့် ပြောင်းလဲပေးချေနေကြောင်း ရိုက်တာ သတင်းတစ်ရပ်အရ သိရှိရသည်။
အမေရိကန်က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အဆိုပါ ကင်းလွတ်ခွင့်သည် ဧပြီလကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ထပ်မံ တိုးမြှင့်ပေးမည်မဟုတ်ကြောင်း အတည်ပြုထားသည်။ ထိုအတောအတွင်း အိန္ဒိယအစိုးရပိုင် Indian Oil Corp သည် ၇ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့်တန်ဖိုးရှိ အီရန်ရေနံစိမ်း စည်ပေါင်း ၂ သန်းကို ဝယ်ယူခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီကြီးဖြစ်သော Reliance Industries အတွက်လည်း အီရန်ရေနံတင်သင်္ဘော ၄ စင်းအား ဆိုက်ကပ် ခွင့်ပြုခဲ့သည်။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် အီရန်နှင့် ငွေကြေးလွှဲပြောင်းရန် ခက်ခဲနေသည့်ပြဿနာကို ဖြေရှင်းရန်အတွက် အိန္ဒိယ သည် ICICI Bank ၏ ရှန်ဟိုင်းဘဏ်ခွဲမှတစ်ဆင့် ယွမ်ငွေဖြင့် အခြေချပေးချေသည့်စနစ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ အိန္ဒိယရေနံချက် စက်ရုံ များသည် ယခင်ကလည်း ရုရှားရေနံဝယ်ယူမှုများတွင် ယွမ်ငွေကို အသုံးပြုခဲ့ဖူးပြီး ရောင်းချသူများဘက်ကလည်း ငွေကြေးလဲလှယ်စရိတ် သက်သာ စေရန်အတွက် ဒေါ်လာထက် ယွမ်ငွေကို ပိုမိုနှစ်သက်ကြသည်။
တစ်ဖက်တွင်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ယွမ်ငွေကို ကမ္ဘာလုံးဆိုင်ရာငွေကြေးဖြစ်လာစေရန် ကြိုးပမ်းနေခြင်းက ၎င်းတို့နိုင်ငံအား ဘဏ္ဍာရေးအင်အားကြီးနိုင်ငံဖြစ်လာစေရန် အရေးကြီးကြောင်း ပြောကြား ထားသည်။
အိန္ဒိယနိုင်ငံသည် ၎င်းတို့လိုအပ်သော ရေနံစိမ်း၏ ၉၀ ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းနေရသည့် ကမ္ဘာ့တတိယမြောက် ရေနံအများဆုံး သုံးစွဲ သည့်နိုင်ငံ ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ပိတ်ဆို့အရေးယူမှုများ မတင်းကျပ်မီက အီရန်ရေနံသည် အိန္ဒိယ၏ စုစုပေါင်းတင်သွင်းမှု၏ ၁၁.၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ယခုကဲ့သို့ ယွမ်ငွေကိုအသုံးပြု၍ ရေနံဝယ်ယူလာခြင်းသည် ကမ္ဘာ့အရန်ငွေကြေးအဖြစ် အမေရိကန်ဒေါ်လာ၏ ရပ်တည်မှုအပေါ် စိုးရိမ်မှုများရှိနေချိန်တွင် နိုင်ငံတကာ ကုန်သွယ်မှုနယ်ပယ်၌ တရုတ်ယွမ်ငွေ၏ အခန်းကဏ္ဍ ပိုမိုမြင့်မားလာမှုကို သိသာ ထင်ရှားနေစေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
