ရုရှားနိုင်ငံသည် အာရှ BRICS မိတ်ဖက် အင်ဒိုနီးရှားနိုင်ငံနှင့် အဓိက စွမ်းအင်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုး
ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှု ပြတ်တောက်မှုများ တိုးပွားလာနေချိန်တွင် စွမ်းအင်လုံခြုံရေးအတွက် စိုးရိမ်မှုများကြောင့် ရုရှားနိုင်ငံထံမှ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ (LPG) ဝယ်ယူရန် BRICS အဖွဲ့ဝင် ရုရှားနှင့်အင်ဒိုနီးရှားနိုင်ငံတို့ သဘောတူညီလိုက်ကြောင်း ဂျကာတာရှိ စွမ်းအင်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အင်ဒိုနီးရှား၏ ရုရှားထံမှရေနံဝယ်ယူမှုမှာ သမိုင်းတစ်လျှောက်တွင် အကန့်အသတ်ရှိပြီး ပုံမှန်မဟုတ်ခဲ့ဘဲ ယခုအခါ ဂျကာတာသည် ၎င်းတို့လိုအပ်သောရေနံ၏ လေးပုံတစ်ပုံခန့်ကို အရှေ့အလယ်ပိုင်းဒေသရှိ (လက်ရှိတွင် အမေရိကန်က ပိတ်ဆို့ထားသော) ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် တင်သွင်းနေခြင်းဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုကို တနင်္လာနေ့ (ဧပြီ ၁၃) က ကရင်မလင် နန်းတော်တွင် လက်ခံတွေ့ဆုံကာ အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး နောက်တစ်နေ့တွင်လည်း နှစ်နိုင်ငံစွမ်းအင်ဝန်ကြီးများဖြစ်သည့် Sergey Tsivilev နှင့် Bahlil Lahadalia တို့ ထပ်မံတွေ့ဆုံခဲ့ကြသည်။
အင်ဒိုနီးရှားနိုင်ငံသည် ရေနံနှင့် LPG ရေရှည်ထောက်ပံ့ရေး၊ နျူကလီးယားစွမ်းအင်နှင့် သတ္တုကဏ္ဍတို့တွင်လည်း ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှု များတိုးချဲ့ရန် ကြိုးပမ်းနေကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အင်္ဂါနေ့ (ဧပြီ ၁၄) ဆွေးနွေးပွဲအပြီးတွင် ဝန်ကြီး Bahlil က “ကျွန်တော်တို့ တော်တော်လေး ကောင်းမွန်တဲ့ ရလဒ်တွေရရှိခဲ့ပါတယ် ၊ ဒါဟာ ကျွန်တော်တို့ရဲ့ ရေနံစိမ်းသိုလှောင်မှုကို တိုးမြှင့်နိုင်စေမှာဖြစ်တဲ့အပြင် LPG ကိုလည်း ရရှိနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ LPG သည် ချက်ပြုတ်ခြင်း၊ အပူပေးခြင်းနှင့် သယ်ယူပို့ဆောင်ရေးတို့တွင်ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသည့် ပရိုပိန်း (Propane) နှင့် ဗျူတိန်း (Butane) အရည်များ ရောနှောထားသောဓာတ်ငွေ့ဖြစ်သည်။ အဆိုပါ အစည်းအဝေးသို့ Rosneft ၊ Ruschem ၊ Zarubezhneft နှင့် Lukoil အပါအဝင် ရုရှားစွမ်းအင်ကုမ္ပဏီ အများအပြားမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရုရှားရေနံစိမ်းများကို နိုင်ငံ၏အရှေ့ဖျားရှိ ပစိဖိတ်ဆိပ်ကမ်းများမှ တစ်ဆင့် တင်ပို့နိုင်ပြီး တရုတ်နှင့် အခြားအာရှဝယ်လက်များသို့ ပို့ဆောင်ရာတွင် အသုံးပြုနေကျလမ်းကြောင်းများဖြစ်သော တောင်တရုတ်ပင်လယ်နှင့် မလက္ကာရေလက်ကြားတို့ကို ဖြတ်သန်းသွားမည်ဖြစ်သည်။ ဥရောပသမဂ္ဂ (EU) နှင့် အမေရိကန်တို့၏ ကျယ်ပြန့်သော ပိတ်ဆို့အရေးယူမှုများကြောင့် အနောက်နိုင်ငံဈေးကွက်များသို့ တင်ပို့ခွင့် အကန့်အသတ်ဖြစ်သွား ပြီးနောက် ရုရှားသည် ၎င်း၏ စွမ်းအင်တင်ပို့မှု အများအပြားကို အာရှ ဘက်သို့ လမ်းကြောင်းလွှဲပြောင်းတင်ပို့ခဲ့ခြင်းဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
