အီရန်စစ်ပွဲကြောင့် ဥရောပတွင် လေယာဉ်ဆီ ပြတ်လပ်နိုင်ခြေရှိကြောင်း IEA သတိပေး
အီရန်စစ်ပွဲကြောင့် ရေနံထောက်ပံ့မှုများ ဆက်လက်ပြတ်တောက် နေမည်ဆိုပါက ဥရောပတွင် သီတင်းပတ်အနည်းငယ်အတွင်း လေယာဉ်ဆီ ပြတ်လပ်သွားနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲက ပြောကြားလိုက်သည်။
ကြာသပတေးနေ့ (ဧပြီ ၁၆) က Associated Press နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် IEA အမှုဆောင်ဒါရိုက်တာ Fatih Birol က ယခု အခြေအနေကို “မိမိတို့ တစ်ခါမျှ မကြုံတွေ့ဖူးသေးသည့် အကြီးမားဆုံးသော စွမ်းအင်အကျပ်အတည်း” ဟု ဖော်ပြခဲ့ပြီး ဟော်မုဇ် ရေလက်ကြား မှတစ်ဆင့် စီးဆင်းနေသော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် အခြား အရေးကြီး ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ ကြီးမားစွာ ဖြစ်ပေါ်လာနိုင်ကြောင်း သတိ ပေးခဲ့သည်။
အမေရိကန်-အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အီရန်နိုင်ငံ သည် ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်းခန့်ဖြတ်သန်းရာ အရေးပါသော ထိုလမ်းကြောင်း ကို ရန်ဘက်နိုင်ငံများ၏ သင်္ဘောများအတွက် ပိတ်ပစ်ခဲ့ရာမှ ထောက်ပံ့ရေး ကွင်းဆက်များ ပြိုလဲမှုစတင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တီဟီရန်နှင့် ဆွေးနွေးပွဲများပျက်ပြားသွားပြီးနောက် ဧပြီ ၁၂ ရက်နေ့တွင် အဆိုပါရေလက်ကြားကို ပိတ်ဆို့ထားကြောင်းကြေညာခဲ့သည်။ ထိုလုပ်ရပ်ကြောင့် ရေနံတင်သင်္ဘောများ နောက်ကြောင်း ပြန်လှည့်ခဲ့ရပြီး ရေနံစျေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ ဝန်းကျင် သို့ ပြန်လည်မြင့်တက်သွားခဲ့သည်။
လောင်စာဆီတင်ဆောင်လာသည့် သင်္ဘောများသည် ဥရောပဆိပ်ကမ်းများသို့ မရောက်ရှိနိုင်တော့ဘဲ အစားထိုးအသုံးပြုနိုင်မည့် လမ်းကြောင်း များမှာလည်း အကန့်အသတ်ရှိနေကြောင်း Birol က ပြောကြားခဲ့သည်။
အေဂျင်စီအကြီးအကဲ၏ အဆိုအရ ဥရောပတွင် လေယာဉ်ဆီ လက်ကျန်မှာ သီတင်း ၆ ပတ်ခန့်စာသာရှိတော့ပြီး အကယ်၍ ဟော်မုဇ် ရေလက်ကြား ကို ပြန်မဖွင့်နိုင်ပါက လောင်စာဆီပြတ်လပ်မှုကြောင့် လေကြောင်းခရီးစဉ်များဖျက်သိမ်းရတော့မည့် သတင်းများကို မကြာမီ ကြားရ တော့မည် ဖြစ်သည်။
Birol က လက်ရှိအခြေအနေကို ‘ဆိုးရွားသော အကျပ်အတည်း’ တစ်ခုအဖြစ် တင်စားခဲ့ပြီး ပြတ်တောက်မှုများ ကြာရှည်လေလေ ကမ္ဘာတစ်ဝှမ်း ရှိ စီးပွားရေးတိုးတက်မှုနှင့် ငွေဖောင်းပွမှုအပေါ် သက်ရောက်မှု ပိုမိုဆိုးရွားလေလေ ဖြစ်လိမ့်မည်ဟု သတိပေးခဲ့သည်။ ထိုနောက်ဆက်တွဲ အကျိုးဆက် များအနေဖြင့် ဓာတ်ဆီစျေးနှုန်းများ၊ ဂက်စ်စျေးနှုန်းများနှင့် လျှပ်စစ်ဓာတ်အားခစျေးနှုန်းများ ပိုမိုမြင့်တက်လာလိမ့်မည်ဟု ၎င်းက ဆိုသည်။
အနောက်ဥရောပသည် ရုရှား၏ထောက်ပံ့မှုများကို ပိတ်ဆို့အရေးယူပြီးနောက် အရှေ့အလယ်ပိုင်း ရေနံအပေါ် အလွန်အမင်းမှီခိုနေရသဖြင့် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုတွင် အထိခိုက်ဆုံးဖြစ်လာနိုင်သူအဖြစ် ရှုမြင်ခံနေရသည်။
Politico သတင်းဌာန၏ ယခုလအစောပိုင်း ဖော်ပြချက်အရ လန်ဒန်မြို့ရှိ Heathrow လေဆိပ်တွင် လေယာဉ်ဆီစျေးနှုန်း အဆမတန် မြင့်တက် လာမှုကြောင့် ခရီးစဉ်ဖျက်သိမ်းမှုများ ရှိနေပြီဖြစ်ကြောင်း၊ စကင်ဒီ နေးဗီးယားလေကြောင်းလိုင်း SAS သည်လည်း ခရီးစဉ်ပေါင်း ၁,၀၀၀ ခန့် ကို ဖျက်သိမ်းထားကြောင်း သိရှိရသည်။ ဗြိတိန်ဒေသတွင်း လေကြောင်း လိုင်းငယ်များဖြစ်သည့် Skybus နှင့် Aurigny တို့သည်လည်း လောင်စာဆီ စျေးနှုန်း တစ်နှစ်ထက်တစ်နှစ် ၁၂၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းကြောင့် ခရီးစဉ်များကိုလျှော့ချခဲ့ရပြီး Air France လေကြောင်း လိုင်းကလည်း ခရီးဝေးလမ်းကြောင်းများအတွက် လက်မှတ်ခစျေးနှုန်းများကို မြှင့်တင်ခဲ့သည်။ အချို့သော အီးယူ (EU) နိုင်ငံများတွင် လေယာဉ်ဆီ သိုလှောင်မှု မှာ ၈ ရက်မှ ၁၀ ရက်စာခန့်သာရှိတော့ကြောင်း Corriere della Sera သတင်းအရ သိရှိရသည်။
မော်စကိုဘက်ကမူ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော လောင်စာဆီပြတ်လပ်မှုများကို ဖြည့်ဆည်းပေးရန် အသင့်ရှိကြောင်း အရိပ်အယောင်ပြထားသည်။ ယခုသီတင်းပတ်အစောပိုင်းတွင် အင်ဒိုနီးရှား နိုင်ငံသည် ရုရှားထံမှ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရည် (LPG) တင်သွင်းရန် သဘောတူညီချက်ရရှိခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသည်လည်း စွမ်းအင်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာပြီးနောက် ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားရေနံကို တင်သွင်းခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် ရုရှားနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်သစ်များ လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းနိုင်ငံကလည်း ရုရှား၏ထောက်ပံ့မှုများကို စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။ ထိုအချက်များသည် ယခုကဲ့သို့ အကျပ်အတည်းကာလတွင် ရုရှား၏ အဓိကစွမ်းအင် ထောက်ပံ့သူအဖြစ် အခန်းကဏ္ဍ ကျယ်ပြန့်လာမှုကို မီးမောင်းထိုးပြနေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
