အရှေ့အလယ်ပိုင်း တင်းမာမှု လျော့ပါးလာခြင်းကြောင့် ရေနံဈေးနှုန်းများပြန်လည်ကျဆင်းလာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့်ဆွေးနွေးမှုများမှာ ယခု သီတင်းပတ်ကုန်တွင် ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့ခြင်းနှင့် လက်ဘနွန်တွင် (၁၀) ရက်ကြာ အပစ်အခတ်ရပ်စဲရေးမှာ ဒေသစံတော်ချိန် သန်းခေါင်ယံတွင် စတင်သက်ရောက်လာခဲ့ခြင်းတို့ကြောင့် ဧပြီ ၁၇ တွင် ရေနံဈေးနှုန်းများ ကျဆင်းခဲ့သည်။
အရှေ့ပိုင်းစံတော်ချိန် နံနက် ၆:၀၄ နာရီတွင် ကမ္ဘာ့ရေနံ ရည်ညွှန်းဈေးဖြစ်သော Brent ရေနံဈေးမှာ တစ်စည်လျှင် ၉၆.၂ ဒေါ်လာအထိ ၃.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ အမေရိကန် ရေနံရည်ညွှန်းဈေးဖြစ်သော WTI မှာမူ တစ်စည်လျှင် ၈၇.၆ ဒေါ်လာအထိ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့ (ဧပြီ ၁၆) က Brent ရေနံဈေးမှာ တစ်စည်လျှင် ၉၉.၃၉ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ပြီး ၎င်းမှာ ဧပြီလ ၇ ရက်နေ့နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
“မနေ့က အမြင့်ဆုံးဈေးနှုန်းကနေ ရေနံဈေးပြန်ကျလာတာဟာ ပြဿနာကို ဖြေရှင်းနိုင်မယ့် အလားအလာတွေအပေါ် သမ္မတထရမ့်က အကောင်း မြင်တဲ့လေသံနဲ့ ပြောဆိုခဲ့တာကြောင့် ဖြစ်ပါတယ်” ဟု Deutsche Bank မှ လေ့လာဆန်းစစ်သူများက ဧပြီ ၁၇ တွင်ထုတ်ပြန်သည့် မှတ်တမ်းတွင် ရေးသားထားသည်။ “အစောပိုင်းမှာလည်း အစ္စရေးနဲ့ လက်ဘနွန်ကြား (၁၀) ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို ထရမ့်က ကြေညာခဲ့ပါတယ်” ဟု ၎င်းတို့က ဖြည့်စွက်ဖော်ပြခဲ့သည်။
ထို့အပြင် အစ္စရေးနှင့်လက်ဘနွန်တို့အကြား အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးမှုကို နှစ်ပတ်အတွင်း ပြုလုပ်နိုင်ကြောင်း ထရမ့်က ပြောကြားခဲ့ရာ ၎င်းမှာ ရင်းနှီးမြှုပ်နှံသူများအကြား ပိုမိုတက်ကြွသောအခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
