ထိုင်းနိုင်ငံက ပင်လယ်ပြင်နယ်နိမိတ် MoU ကို ဖျက်သိမ်းပါက ဝမ်းနည်းရမည်ဟု ကမ္ဘောဒီးယားဆို
နှစ်နိုင်ငံကြား ချုပ်ဆိုထားသည့် ပင်လယ်ပြင်နယ်နိမိတ်ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ထိုင်းနိုင်ငံအနေဖြင့် တစ်ဖက်သတ်ဖျက်သိမ်းရန် ဆုံးဖြတ်ပါက အလွန်အမင်း ဝမ်းနည်းရမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရက ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။
၂၀၀၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် MoU-2001 သည် လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီချက်တစ်ခုသာမကဘဲ နှစ်နိုင်ငံအကြား သယံဇာတပူးပေါင်းထုတ်ယူရေးနှင့် နယ်နိမိတ်သတ်မှတ်ရေးကို နိုင်ငံတကာဥပဒေနှင့်အညီ ဆောင်ရွက်ရန် ရည်ရွယ်ထားသော စာချုပ်တစ်ခုဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံအနေဖြင့် MoU-2001 ကို တစ်ဖက်သတ်ဖျက်သိမ်းခြင်းသည် စာချုပ်ချုပ်ဆိုစဉ်က အခြေခံထားသည့် ပူးပေါင်းဆောင်ရွက်ရေးစိတ်ဓာတ်မှ သွေဖည်သွားခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားဘက်က ဝေဖန်ထားသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် MoU ပါအချက်အလက်များနှင့် ပူးပေါင်းဆောင်ရွက်ရေးစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းကာ တည်တည်ကြည်ကြည် လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အတည်ပြုထားသည်။
MWD
