Jeffrey Sachs က နေတန်ယာဟုသည် ‘ကပ်ဘေးဒုက္ခတစ်ရပ်ဖြစ်သည်’ ဟု ပြင်းပြင်းထန်ထန် ဝေဖန်

News Image

  • Jeffrey Sachs က နေတန်ယာဟုသည် ‘ကပ်ဘေးဒုက္ခတစ်ရပ်ဖြစ်သည်’ ဟု ပြင်းပြင်းထန်ထန် ဝေဖန်

အမေရိကန် စီးပွားရေးပညာရှင် ဂျက်ဖရီ ဆာ့ခ်စ် (Jeffrey Sachs) က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး အီရန်ကိုတိုက်ခိုက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်မှာ နေတန်ယာဟု၏ အစွန်းရောက်ပြီး လမ်းမှားနေသော အစီအစဉ်များကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်သည် ၎င်း၏ ပထမသက်တမ်းနှင့် ယခုသက်တမ်းနှစ်ခုစလုံးတွင် အစ္စရေး၏ အကျိုးစီးပွားနှင့် နီးကပ်စွာပတ်သက်နေသည့်မူဝါဒများကိုကျင့်သုံးခဲ့သည့်အတွက် ပြည်တွင်းပြည်ပ ဝေဖန်မှုများနှင့် အကြိမ်ကြိမ်ရင်ဆိုင်နေရသည်။ အကဲခတ်သူများနှင့် နိုင်ငံရေး အတိုက်အခံများက အမေရိကန်၏နိုင်ငံခြားရေးမူဝါဒသည် နေတန်ယာဟု ဦးဆောင်သော ဂျူး နိုင်ငံ၏ အစီအစဉ်များဘက်သို့ ယိမ်းယိုင်နေကြောင်း ထောက်ပြလေ့ရှိကြသည်။

ဆာ့ခ်စ်က အမေရိကန် ရှေးရိုးစွဲဂျာနယ်လစ် တက်ကာ ကာလ်ဆင် (Tucker Carlson) နှင့် တွေ့ဆုံရာတွင် “ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ အခြေခံ အားဖြင့် နေတန်ယာဟုရဲ့ ဦးဆောင်မှုနောက်ကို လိုက်နေတာပါ” ဟု ပြောကြားခဲ့သည်။

သောကြာနေ့ (ဧပြီ ၂၄) က ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုအင်တာဗျူးတွင် ဆာ့ခ်စ်က နေတန်ယာဟုတွင် ကိုယ်ပိုင်အစီအစဉ်တစ်ခုရှိနေပြီး အမေရိကန် သမ္မတသည် ကမ္ဘာကြီးအပေါ် နေတန်ယာဟု၏ မှားယွင်းသောအမြင်များကို လက်ခံယုံကြည်သွားခြင်းဖြစ်ကြောင်း အလေးပေး ပြောဆိုခဲ့သည်။ “ကျွန်တော့်အမြင်အရတော့ သူ့ရဲ့ အစီအစဉ်တွေဟာ အစွန်းရောက်ပြီး မှားယွင်းနေပါတယ် ၊ ဒါဟာ နှစ်ပေါင်း ၃၀ လုံးလုံး မှားယွင်းခဲ့တာဖြစ်ပြီး အမေရိကန်အတွက် ငွေကြေးအမြောက်အမြား ဆုံးရှုံးစေခဲ့ပါတယ်၊ ဒီလူဟာ ကပ်ဘေးဒုက္ခ (Disaster) တစ်ခုပဲလို့ ကျွန်တော် ထင်ပါတယ်၊ သူဟာ ကမ္ဘာကြီးကို လွဲမှားတဲ့ရှုထောင့်ကနေ မြင်နေတာပါ” ဟု ဆာ့ခ်စ်က ဆိုသည်။

အလားတူပင် အမေရိကန် ဒီမိုကရက်တစ်ပါတီ၊ ရီပတ်ဘလစ်ကန်အချို့နှင့် အမေရိကန် အမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနအကြီးအကဲ ဟောင်း ဂျိုး ကန့် (Joe Kent) တို့ကလည်း အီရန်စစ်ပွဲကို စတင်ရန် ထရမ့်သည် အစ္စရေး၏ဖိအားပေးမှုကိုခံခဲ့ရကြောင်း ပြောဆိုခဲ့ကြသည်။ စစ်ပွဲကို ကန့်ကွက်သည့်အနေဖြင့် ပြီးခဲ့သည့်လက ရာထူးမှ နုတ်ထွက်ခဲ့သူ ဂျိုးကန့်က အီရန်သည် နျူကလီးယားလက်နက်များထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဟူသော ထရမ့်၏ စွပ်စွဲချက်များကို ထောက်လှမ်းရေးအေဂျင်စီများက အတည်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ် အာရက်ချီအပါအဝင် အီရန်အရာရှိများကလည်း ယခုပဋိပက္ခသည် ထရမ့်က ၎င်း၏ “အမေရိကန် ဦးစားပေး (America First)” အစီအစဉ်ကို သစ္စာဖောက်ပြီး “အစ္စရေး ဦးစားပေး (Israel First)” အဖြစ် ပြောင်းလဲလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ ကြသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ကာလ်ဆင်သည် ထရမ့်၏ အရှေ့ အလယ်ပိုင်းမူဝါဒများကို ပြစ်တင်ရှုတ်ချခဲ့ပြီး သမ္မတ၏ စစ်မှန်သော ကိုးကွယ်ယုံကြည်မှုမှာ ခရစ်ယာန်ဘာသာမဟုတ်ဘဲ ‘အစ္စရေးဝါဒ (Israelism)’ သာ ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ ထရမ့်၏ ထောက်ခံသူဟောင်း ဖြစ်ခဲ့ဖူးသူ ကာလ်ဆင်က အမေရိကန်သည် အီရန်နှင့်စစ်ပွဲကို ‘အစ္စရေးအတွက်’ နှင့် ‘အစ္စရေး၏ တိုက်တွန်းမှုကြောင့်’ ဆင်နွှဲခဲ့ခြင်း ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး