ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခိုင်မာစွာရပ်တည်ဆောင်ရွက်မည်ဟု ပါကစ္စတန် ဝန်ကြီးချုပ် ပြောကြား

News Image

  • ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခိုင်မာစွာရပ်တည်ဆောင်ရွက်မည်ဟု ပါကစ္စတန် ဝန်ကြီးချုပ် ပြောကြား

အစ္စလာမ္မာဘတ် ဧပြီ ၂၆

 

ပါကစ္စတန်နိုင်ငံအနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခိုင်မာစွာ ရပ်တည်ဆောင်ရွက်မည်ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗတ်ရှာရစ်က အီရန်သမ္မတ မာဆော့ ပါဇက်ကီရှန် အား ဖုန်းဖြင့်ဆွေးနွေးပြောကြားခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ခေါင်းဆောင်နှစ်ဦးသည် ဆွေးနွေးမှုတွင် လက်ရှိဒေသတွင်း အခြေအနေများနှင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမြှင့်တင်ရန် အကြောင်းအရာများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံအနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး မြှင့်တင်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်မည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ အစ္စလာမ္မာဘတ်၌ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အီရန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်ခဲ့ခြင်းအပေါ် အသိအမှတ်ပြုကြောင်း ၎င်းကပြောကြားသည်။

 

မိမိအနေဖြင့် ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံမှုများဆောင်ရွက်ခဲ့ပြီး ၎င်းထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် သဘောတူညီချက်များ ရရှိမည်ဖြစ်ကာ ဒေသတွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု ၎င်းကပြောကြားသည်။ ပါကစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ကီရှန်ကပြောကြားသည်။

 

ကိုးကား- ဆင်ဟွာ

 

ဘာသာပြန်-စိုးသူရ

MDN