အီရန်စစ်ပွဲ အဆုံးသတ်ရေးနှင့် NATO အခြေစိုက်စခန်းများဖယ်ရှားရေး စပိန်ဆန္ဒပြသူများ တောင်းဆို

News Image

  • အီရန်စစ်ပွဲ အဆုံးသတ်ရေးနှင့် NATO အခြေစိုက်စခန်းများဖယ်ရှားရေး စပိန်ဆန္ဒပြသူများ တောင်းဆို

အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှု၊ ဂါဇာပဋိပက္ခနှင့် စပိန်မြေပေါ်ရှိ နေတိုး (NATO) အခြေစိုက်စခန်းများ တည်ရှိနေမှုကို ဆန့်ကျင်ကန့်ကွက်ရန်အတွက် စပိန်နိုင်ငံသား ရာပေါင်းများစွာသည် စနေနေ့ (ဧပြီ ၂၅) က မက်ဒရစ်မြို့လယ်တွင် စုဝေးခဲ့ကြသည်။

ဖေဖော်ဝါရီလနှောင်းပိုင်းက အမေရိကန်နှင့် အစ္စရေးတို့ အီရန်ကို တိုက်ခိုက်ပြီးနောက် စပိန်အစိုးရက ၎င်း၏နယ်မြေအတွင်းရှိ စစ်အခြေစိုက်စခန်း များကို အသုံးပြုခွင့် ပိတ်ပင်ထားသောကြောင့် ဝါရှင်တန်အနေဖြင့် စပိန် နိုင်ငံကို စစ်ဘက်မဟာမိတ်အဖွဲ့ (NATO) မှ ထုတ်ပယ်ရန် စဉ်းစား နေကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော်လည်း နေတိုး အဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံအား ထိုသို့ထုတ်ပယ်ရန် ပြဋ္ဌာန်းချက်မရှိကြောင်း နေတိုးအရာရှိတစ်ဦးက BBC သို့ အတည်ပြုပြောကြားခဲ့သည်။

စနေနေ့ (ဧပြီ ၂၅) က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲကို စပိန်နိုင်ငံ၏ “Stop the War” အဖွဲ့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ နေရာပေါင်း ၂၀၀ ကျော်တွင် တစ်ပြိုင်နက်တည်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြ သူများ သည် “အရှေ့အလယ်ပိုင်းစစ်ပွဲကို မိမိတို့ ရပ်တန့်ရမည်” ၊ “စစ်ပွဲ တိုင်းတွင် ပြည်သူအားလုံး ရှုံးနိမ့်ကြသည်” နှင့် “ထရမ့်က ဒီမိုကရေစီကို ဖျက်ဆီးနေသည်” ဟူသော ကြွေးကြော်သံများနှင့်အတူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

ထို့အပြင် နိုင်ငံအတွင်းရှိ အမေရိကန်-နေတိုး စစ်အခြေစိုက်စခန်းများကိုလည်း ကန့်ကွက်ခဲ့ကြကြောင်း El Mundo နှင့် AP သတင်းများအရ သိရှိရသည်။ အဆိုပါ ဆန္ဒပြပွဲသို့ ဒေသန္တရအစိုးရ အရာရှိများနှင့် လက်ရှိအာဏာရ ဆိုရှယ်လစ်ပါတီ (PSOE) မှ ဥရောပပါလီမန်အမတ်များလည်း တက်ရောက်ခဲ့ကြပြီး အချို့မှာ ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး