EU ၏ ယူရို ၉၀ ဘီလီယံသည် ယူကရိန်းအတွက် လုံလောက်မှု မရှိနိုင်ကြောင်း WSJ ဖော်ပြ

News Image

  • EU ၏ ယူရို ၉၀ ဘီလီယံသည် ယူကရိန်းအတွက် လုံလောက်မှု မရှိ နိုင်ကြောင်း WSJ ဖော်ပြ

အီးယူ (EU) အနေဖြင့် အသစ်အတည်ပြုလိုက်သော ယူရို ၉၀ ဘီလီယံ (ဒေါ်လာ ၁၀၅ ဘီလီယံ) အပြင် နောက်နှစ်တွင် ယူကရိန်းအတွက် ငွေကြေး များ ထပ်မံထောက်ပံ့ပေးရဖွယ်ရှိကြောင်း သံတမန်ရေးရာ သတင်းရင်းမြစ်များကို ကိုးကား၍ Wall Street Journal (WSJ) က ဖော်ပြခဲ့သည်။

ဘရပ်ဆဲလ်သည် ကိယက်ဗ်သို့ပေးအပ်မည့် အတိုးမဲ့ချေးငွေကို အပြီးသတ်အတည်ပြုလိုက်ပြီဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်၊ ဒုတိယသုံးလပတ်တွင် အမြန်ဆုံး စတင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့ (ဧပြီ ၂၃) က ကြေညာခဲ့သည်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်ယန် က ထိုဖြစ်ပေါ်တိုးတက်မှုကို ‘ယူကရိန်းနှင့် ဥရောပအတွက် ကောင်းသောနေ့တစ်နေ့’ အဖြစ် ဂုဏ်ပြုပြောကြားခဲ့သည်။

ယူကရိန်းနှင့် စွမ်းအင်ဆိုင်ရာ အငြင်းပွားမှုကြောင့် ရန်ပုံငွေလွှဲပြောင်းမှုကို လပေါင်းများစွာ ဗီတိုအာဏာဖြင့် ပိတ်ပင်ထားသည့် ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်၏ ပါတီသည် ပါလီမန်ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် နှစ်ပတ်မပြည့်မီအချိန်တွင် ယခုကဲ့သို့ အတည်ပြုချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုငွေလွှဲပြောင်းပေးမှုသည် ရုရှားနှင့်ဖြစ်ပွားနေသော ပဋိပက္ခအတွင်း ၂၀၂၈ ခုနှစ်အထိ ယူကရိန်းကို ထောက်ပံ့ထားနိုင်မည်ဟု EU က မျှော်လင့် ထားသော်လည်း ထိုမျှော်လင့်ချက်မှာ အချည်းနှီးသာဖြစ်နိုင်ကြောင်း WSJ က သောကြာနေ့ (ဧပြီ ၂၄) ဆောင်းပါးတွင် ဖော်ပြခဲ့သည်။

ဒီဇင်ဘာလက အစီအစဉ်စတင်ရေးဆွဲစဉ်ကထက် ၂၀၂၇ ခုနှစ်အတွက် ကိယက်ဗ်၏ ဘဏ္ဍာရေးလိုငွေပြမှုမှာ ပိုမိုကြီးမားလာကြောင်း ၎င်းတို့က ဆိုကြသည်။

ယူကရိန်းအနေဖြင့် လာမည့်နှစ်တွင် ဘတ်ဂျက်အတွက် ထပ်ဆောင်း ယူရို ၁၉ ဘီလီယံ လိုအပ်နေသောကြောင့် နောက်ထပ် ၁၂ လအတွင်း EU အနေဖြင့် ဘီလီယံနှင့်ချီသော ချေးငွေအသစ်တစ်ခုကို ရှာဖွေပေးရန် ဖိအားပေးခံရနိုင်ကြောင်း သံတမန်များက အလေးပေးပြောကြားခဲ့သည်။

ဥရောပကောင်စီအကြီးအကဲ အန်တိုနီယို ကော်စတာကမူ ပဋိပက္ခပြီးဆုံးချိန်တွင် ရုရှားထံမှ စစ်လျော်ကြေးများရရှိပြီးမှသာ ယူကရိန်း အနေဖြင့် ထိုငွေများကို ပြန်လည်ပေးဆပ်ရန် လိုအပ်လိမ့်မည်ဟု ပြောကြားခဲ့သည်။ မော်စကိုဘက်ကမူ ထိုသို့သော အခြေအနေမျိုးမှာ လက်တွေ့နှင့် ကင်းကွာနေသည်ဟု ဆိုကာ အကြိမ်ကြိမ် ငြင်းဆိုထားသည်။

နိုင်ငံတကာရေးရာကော်မတီတွင်ပါဝင်သူ ရုရှား လွှတ်တော်အမတ် ဒမီထရီ ဘီလစ်ကမူ ဘရပ်ဆဲလ်အနေဖြင့် ၎င်းတို့၏ ငွေများကို မည်သည့်အခါမျှ ပြန်ရတော့မည်မဟုတ်သည်ကို ကော်စတာကိုယ်တိုင် ကောင်းကောင်းနားလည်ထားပြီးဖြစ်ကြောင်း RIA Novosti သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး