‘Golden Fleet’ စီမံကိန်း အကောင်အထည်မဖော်နိုင်မှုကြောင့် အမေရိကန် ရေတပ်ဝန်ကြီး (Navy Secretary) ကို ထရမ့် ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း NYT ဖော်ပြ

News Image

  • ‘Golden Fleet’ စီမံကိန်း အကောင်အထည်မဖော်နိုင်မှုကြောင့် အမေရိကန် ရေတပ်ဝန်ကြီး (Navy Secretary) ကို ထရမ့် ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း NYT ဖော်ပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်းစိတ်ကူးယဉ်ထားသည့် အနာဂတ်မျိုးဆက်သစ် စစ်သင်္ဘောကြီးများ တည်ဆောက်ရေးစီမံကိန်းကို သတ်မှတ်ချိန်အတွင်း အကောင်အထည်မဖော်နိုင်ခြင်းကြောင့် ရေတပ် ဝန်ကြီး (Navy Secretary) ဂျွန်ဖီလန် (John Phelan) ကို ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက သမ္မတထရမ့်သည် လေဆာတိုက်ခိုက်ရေးစနစ်နှင့် ဟိုက်ပါဆောနစ်ဒုံးကျည်များကဲ့သို့ ခေတ်မီလက်နက်များ တပ်ဆင်ထားမည့် “Trump-class” စစ်သင်္ဘောသစ်များကိုထုတ်ဖော်ပြသခဲ့ပြီး ယင်းကို Golden Fleet ဟု အမည်ပေးခဲ့သည်။ ရေတပ်ဝန်ကြီး ဖီလန် သည် ကုန်ကျစရိတ် ဒေါ်လာ ၁၇ ဘီလီယံရှိမည့် အဆိုပါစစ်သင်္ဘောကို ၂၀၂၈ ခုနှစ်တွင် အပြီးသတ်ရန်ကတိပြုခဲ့သော်လည်း သမ္မတ၏ ခက်ခဲသော အချိန်ဇယားကို အမှီလိုက်ရန် ရုန်းကန်ခဲ့ရသည်။

စစ်ဘက်အရာရှိများ၏အဆိုအရ အမေရိကန် သင်္ဘောကျင်းလုပ်ငန်းတွင် ထိုသို့သော နည်းပညာမြင့်သင်္ဘောမျိုးကို နှစ်အနည်းငယ်အတွင်း တည်ဆောက်နိုင်သည့် စွမ်းဆောင်ရည်မရှိကြောင်း သိရှိရသည်။ ဖီလန် က ဥရောပသင်္ဘောကျင်းများထံမှ အကူအညီယူရန် အကြံပြုခဲ့သော်လည်း သမ္မတထရမ့်က အမေရိကန်သံမဏိဖြင့် ပြည်တွင်း၌သာ တည်ဆောက်ရမည်ဟုဆိုကာ ပယ်ချခဲ့သည်။

ဖီလန် ရာထူးမှဖယ်ရှားခံရမှုတွင် စစ်မက်ရေးရာဝန်ကြီး ပိဟက်ဆက် အပါအဝင် ပင်တဂွန်စစ်ဌာနချုပ်အတွင်းရှိ ပြိုင်ဘက်များနှင့် သဘောထား တင်းမာမှုများကလည်း အရှိန်အဟုန်မြှင့်ပေးခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အမေရိကန်၏ ယခင် Zumwalt-class စီမံကိန်းသည်လည်း ကုန်ကျစရိတ်ကြီးမြင့်မှုနှင့် နည်းပညာပိုင်းဆိုင်ရာပြဿနာများကြောင့် ကျရှုံးခဲ့ဖူးပြီး ပြီးခဲ့သည့်သီတင်းပတ်ကပင် USS Zumwalt သင်္ဘောပေါ်၌ မီးလောင်မှုဖြစ်ပွားကာ ရေတပ်သားများ ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်ကလည်း အမေရိကန် ရေတပ်တည်ဆောက်ရေးကဏ္ဍ၏ စိန်ခေါ်မှုများကို မီးမောင်း ထိုးပြနေသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး