ဟန်ဂေရီဝန်ကြီးချုပ်ဟောင်း ဗစ်တာအော်ဘန် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီး ပါတီပြန်လည်ဖွဲ့စည်းရေးကို အာရုံစိုက်မည်
ဟန်ဂေရီဝန်ကြီးချုပ်ဟောင်း ဗစ်တာအော်ဘန် (Viktor Orban) က ၎င်း၏ ဖီဒက်စ် (Fidesz) ပါတီ ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့ပြီးနောက် လွှတ်တော်အသစ်တွင် အမတ်နေရာ ရယူတော့မည်မဟုတ်ကြောင်း ပြောကြားလိုက်ပြီး နိုင်ငံ၏ မျိုးချစ်လှုပ်ရှားမှု (Patriotic Movement) ကို ပြန်လည်ဖွဲ့စည်းရန် အာရုံစိုက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အော်ဘန်က စနေနေ့ (ဧပြီ ၂၅) တွင် ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမိန့်ခွန်း၌ ပြောကြားရာတွင် Fidesz-KDNP မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် ၎င်းရရှိထားသော လွှတ်တော်ကိုယ်စားလှယ်နေရာသည် အမှန်စင်စစ် အားဖြင့် ဖီဒက်စ်ပါတီ၏ ကိုယ်စားလှယ်နေရာသာဖြစ်ကြောင်းနှင့် ၎င်းအနေ ဖြင့် ထိုနေရာကို ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
"ကျွန်တော့်ကို အခုလွှတ်တော်ထဲမှာ မလိုအပ်တော့ပါဘူး၊ မျိုးချစ်လှုပ်ရှားမှုကို ပြန်လည်ဖွဲ့စည်းတဲ့နေရာမှာပဲ လိုအပ်တာပါ" ဟု ၎င်းက ဆိုသည်။
ဧပြီလ ၁၂ ရက်နေ့က ကျင်းပခဲ့သော ဟန်ဂေရီ ပါလီမန် ရွေးကောက်ပွဲတွင် အော်ဘန်၏ ဖီဒက်စ်ပါတီသည် ပီတာမာဂျာ (Peter Magyar) ဦးဆောင်သော တစ်ဇာ (Tisza) ပါတီ၏ အပြတ်အသတ်အနိုင်ယူခြင်းကို ခံခဲ့ရသည်။ တစ်ဇာပါတီသည် အမတ်နေရာ ၁၉၉ နေရာအနက် ၁၄၁ နေရာအထိ အနိုင်ရရှိခဲ့သည်။
အော်ဘန်က ဖီဒက်စ်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို အကြီးအကျယ် ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ပြီး တနင်္လာနေ့ (ဧပြီ ၂၇) တွင် ဖွဲ့စည်းမည့် အဖွဲ့သစ်ကို ဂါဂလီဂူလီယပ်စ် (Gergely Gulyas) က ဦးဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ပါတီအနေဖြင့် လာမည့်သီတင်းပတ်တွင် ညီလာခံတစ်ရပ်ကျင်းပမည်ဖြစ်ပြီး ပါတီ၏ "ပြုပြင်ပြောင်းလဲရေးညီလာခံ" ကိုလည်း ဇွန်လသို့ ရှေ့တိုးကျင်းပမည် ဟု ဆိုသည်။
လွှတ်တော်မှ နုတ်ထွက်ခဲ့သော်လည်း အော်ဘန်သည် ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်အဖြစ် ဆက်ရှိနေရန် ရည်ရွယ်ထားသည်ဟု ယူဆရသည်။ ပါတီခေါင်းဆောင်ပိုင်းက ၎င်းအား ဖီဒက်စ်ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ယူရန်အဆိုပြုထားပြီး ပါတီညီလာခံက ၎င်းအပေါ် ယုံကြည်မှု ရှိပါက ဆက်လက်တာဝန်ယူရန်အသင့်ရှိကြောင်း ၎င်းကရှင်းလင်းစွာ ပြောကြားခဲ့သည်။
အော်ဘန်၏ ရှုံးနိမ့်မှုသည် ၎င်း၏ နိုင်ငံရေးသက်တမ်းတစ်လျှောက် အကြီးမားဆုံးနောက်ပြန်လှည့်မှုဖြစ်ပြီး ဟန်ဂေရီနှင့် အီးယူ (EU)၊ အမေရိကန်၊ ရုရှား၊ ယူကရိန်းတို့အကြား ဆက်ဆံရေးကို ပြန်လည် ပုံဖော်လာစေမည်ဟု မျှော်လင့်ရသည်။
ယခင်က ယူကရိန်းသို့ ရန်ပုံငွေထောက်ပံ့မည့်အစီအစဉ်ကို အော်ဘန်က ဗီတိုအာဏာသုံး တားဆီးထားခဲ့သည်။ ၎င်းသည် ဇန်နဝါရီလအတွင်းက Druzhba ရေနံပိုက်လိုင်းမှ ရေနံတင်ပို့မှုရပ်ဆိုင်းသွားခြင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ရေနံရပ်ဆိုင်းမှုသည် ပီတာမာဂျာ၏ ပါတီကိုထောက်ခံရန် နိုင်ငံရေးအရကြံစည်မှုဖြစ်သည်ဟု အော်ဘန်က စွပ်စွဲခဲ့သည်။
သို့သော် ရွေးကောက်ပွဲအပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ကိယက်ဗ် သည် ရုရှားရေနံတင်ပို့မှုကို ပြန်လည်စတင်ခဲ့သည်။ ထို့ကြောင့် ဘူဒါပတ်စ် အစိုးရကလည်း ၎င်းတို့၏ ဗီတိုအာဏာကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။ ရလဒ်အနေဖြင့် အီးယူသည် ၂၀၂၆-၂၇ ခုနှစ်အတွက် ယူကရိန်းသို့ ယူရို ၉၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံ) အရေးပေါ် ရန်ပုံငွေထောက်ပံ့မှုကို အတည်ပြုနိုင်ခဲ့ပြီး ရုရှားအပေါ်ချမှတ်သည့် အကြိမ် ၂၀ မြောက် ဒဏ်ခတ်ပိတ်ဆို့မှုများကိုလည်း ယခုသီတင်းပတ်အတွင်း ချမှတ်နိုင်ခဲ့ပြီဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
