အီရန်နှင့်ဆွေးနွေးရန် အမေရိကန် အထူးကိုယ်စားလှယ်အဖွဲ့၏ ပါကစ္စတန် ခရီးစဉ်ကို သမ္မတထရမ့် ရုတ်တရက်ဖျက်သိမ်း

News Image

  • အီရန်နှင့်ဆွေးနွေးရန် အမေရိကန် အထူးကိုယ်စားလှယ်အဖွဲ့၏ ပါကစ္စတန် ခရီးစဉ်ကို သမ္မတထရမ့် ရုတ်တရက်ဖျက်သိမ်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နိုင်ငံနှင့် ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် ရည်ရွယ်သည့် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နှင့် ၎င်း၏သားမက် ဂျာရက် ကုရှ်နာတို့၏ ပါကစ္စတန်ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါခရီးစဉ်မှာ အီရန်နှင့် သံတမန်ရေးရာဆွေးနွေးမှုများအတွက် အလားအလာကောင်းတစ်ခုအဖြစ် ကြေညာပြီး တစ်ရက်အကြာတွင်ပင် ယခုကဲ့သို့ ဖျက်သိမ်းမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် အီရန်ခေါင်းဆောင်ပိုင်းကြား၌ စနစ်တကျမရှိဘဲ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေကြောင်းနှင့် အမေရိကန် အနေဖြင့် ညှိနှိုင်းမှုများ၌ အသာစီးရထားကြောင်း ရေးသားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း အီရန်အစိုးရက ယင်းကဲ့သို့ ဆွေးနွေးပွဲမျိုး စီစဉ်ထားခြင်းပင်မရှိကြောင်း ငြင်းဆိုထားသော်လည်း အီရန် နိုင်ငံခြားရေး ဝန်ကြီးမှာမူ ပါကစ္စတန်သို့ သွားရောက်ရန် အစီအစဉ်ရှိနေဆဲ ဖြစ်သည်။ 

သမ္မတထရမ့်က အီရန်ဘက်မှ ကမ်းလှမ်းမှုများမှာ လုံလောက်မှုမရှိသေးကြောင်း ပြောကြားခဲ့သော်လည်း ခရီးစဉ်ဖျက်သိမ်းပြီး ၁၀ မိနစ် အတွင်း ပိုမိုကောင်းမွန်သော အဆိုပြုချက်တစ်ခုကို ရရှိခဲ့သည်ဟု ဆိုသည်။ 

လက်ရှိတွင် အမေရိကန်အစိုးရအတွင်း သံတမန်ရေးရာ ကြိုးပမ်းမှုများမှာ ရှုပ်ထွေးလျက်ရှိပြီး အကျိုးရလဒ် မြန်မြန်ဆန်ဆန် မထွက်ပေါ်လာခြင်း အပေါ် သမ္မတထရမ့်က စိတ်ပျက်အားမလိုအားမရဖြစ်နေကြောင်း တွေ့ရှိရသော်လည်း ၎င်းအနေဖြင့် စစ်ပွဲပြန်လည်စတင်ရန် အစီအစဉ် မရှိသေးကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး