အီရန်စစ်ပွဲနှင့် ပတ်သက်၍ သဘောထားကွဲလွဲရာမှ ဂျာမနီရှိ အမေရိကန် တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းရန် ထရမ့် ခြိမ်းခြောက်

News Image

  • အီရန်စစ်ပွဲနှင့် ပတ်သက်၍ သဘောထားကွဲလွဲရာမှ ဂျာမနီရှိ အမေရိကန် တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းရန် ထရမ့် ခြိမ်းခြောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်စစ်ပွဲနှင့်ပတ်သက်၍ ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz) နှင့် လူသိရှင်ကြား အချေတင်ဖြစ်ပွားခဲ့ပြီးနောက် ဂျာမနီနိုင်ငံတွင် အခြေစိုက်ထားသည့် အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ်သိမ်းရန် စဉ်းစားနေကြောင်း ခြိမ်းခြောက်ပြောဆိုလိုက်သည်။ ထရမ့်က ၎င်း၏ Truth Social လူမှု ကွန်ရက်တွင် ဂျာမနီရှိ တပ်ဖွဲ့ဝင်အင်အားလျှော့ချရေးကို လက်ရှိတွင် လေ့လာသုံးသပ်နေပြီး မကြာမီ ဆုံးဖြတ်ချက်ချတော့မည်ဟု ရေးသားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဂျာမနီနိုင်ငံ၌ အမေရိကန် တာဝန်ထမ်းဆောင်ဆဲ တပ်ဖွဲ့ဝင် ၃၆,၀၀၀ ကျော်နှင့် အရန်တပ်ဖွဲ့ဝင် ၁,၅၀၀ ခန့် အခြေစိုက်လျက်ရှိသည်။

အဆိုပါပဋိပက္ခသည် အီရန်နှင့် ဖြစ်ပွားနေသောစစ်ပွဲအတွင်း ဥရောပမဟာမိတ်များက အမေရိကန်ကို ကူညီရန် ငြင်းဆိုခြင်းနှင့် ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးတွင် ပူးပေါင်းခြင်းမရှိသည့်အပေါ် ထရမ့်က မကျေမနပ်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထရမ့်သည် နေတိုး (NATO) အဖွဲ့ကိုလည်း စက္ကူကျားဟု ကဲ့ရဲ့ခဲ့သည်။ တစ်ဖက်တွင်လည်း ဝန်ကြီးချုပ် မာ့ဇ်က အမေရိကန်သည် အီရန်၏ အရှက်ခွဲခြင်းကိုခံနေရပြီး ထရမ့်အစိုးရတွင် ခိုင်မာသော ဗျူဟာမရှိကြောင်းနှင့် စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်စျေးနှုန်း မြင့်တက်မှုဒဏ်ကို ဂျာမနီက ခံစားနေရကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ထိုဝေဖန်ချက်အပေါ် ထရမ့်က မာ့ဇ်သည် မည်သည့်အရာကိုမျှ နားမလည်ကြောင်းနှင့် ဂျာမနီ၏ စီးပွားရေး အခြေအနေဆိုးဝါးနေခြင်းမှာ အံ့သြစရာ မဟုတ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။ သို့သော် ဝန်ကြီးချုပ် မာ့ဇ်ကမူ ၎င်းတို့နှစ်ဦးအကြား ပုဂ္ဂိုလ်ရေး ဆက်ဆံရေးမှာ ကောင်းမွန်ဆဲဖြစ်ကြောင်း နှင့်၎င်းအနေဖြင့် အီရန်စစ်ပွဲအပေါ် သံသယရှိ၍ ပွင့်လင်းစွာဆိုခဲ့ခြင်းသာဖြစ်ကြောင်းဆိုကာ အခြေအနေကို ပြန်လည်ထိန်းညှိရန် ကြိုးပမ်းခဲ့သည်။ ထိုကဲ့သို့ နိုင်ငံရေးအရ မရေမရာဖြစ်နေမှုများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းသည်လည်း တစ်စည်လျှင် ၁၂၀ ဒေါ်လာအထက်သို့ မြင့်တက်သွားခဲ့ပြီး ၎င်းမှာ ၂၀၂၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစျေးနှုန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး