နေတိုးအဖွဲ့နှင့် ရုပ်ရှင်လောကသားများ၏ တံခါးပိတ်ဆွေးနွေးမှုများအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေ
နေတိုး (NATO) သည် ဥရောပနှင့်အမေရိကန်ရှိ ရုပ်ရှင်နှင့် ရုပ်သံလုပ်ငန်းရှင်များနှင့် တံခါးပိတ်ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိရာ ယင်းလုပ်ရပ်သည် အနုပညာကိုအသုံးချ၍ ဝါဒဖြန့်ရန်နှင့် ကြောက်ရွံ့မှုများ လှုံ့ဆော်ရန်ကြိုးပမ်းမှုဖြစ်ကြောင်း Guardian သတင်းစာက ဖော်ပြခဲ့သည်။
နေတိုးအဖွဲ့သည် လော့စ်အိန်ဂျလိစ်၊ ဘရပ်ဆဲလ်နှင့် ပါရီမြို့တို့တွင် ဒါရိုက်တာများ၊ ထုတ်လုပ်သူများ၊ ဇာတ်ညွှန်းရေးဆရာများနှင့်အတူ သီးသန့် အစည်းအဝေး (၃) ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကာ လာမည့်လတွင်လည်း လန်ဒန်မြို့ရှိ ဗြိတိန်စာရေးဆရာများသမဂ္ဂ (WGGB) နှင့် ထပ်မံတွေ့ဆုံရန် စီစဉ်ထားကြောင်း သိရှိရသည်။
Chatham House အကြံပေးအဖွဲ့ကကြီးကြပ်မည့် လာမည့် အစည်းအဝေးတွင် ဥရောပလုံခြုံရေးအခြေအနေများကို ဆွေးနွေးမည်ဖြစ်ပြီး နေတိုးအဖွဲ့၏ ဆိုက်ဘာနှင့် နည်းပညာဆိုင်ရာ ဒုတိယအကြီးအကဲ James Appathurai လည်း တက်ရောက်မည်ဖြစ်သည်။ WGGB ၏ အတွင်းရေး အီးမေးလ်များအရ ယခုကဲ့သို့တွေ့ဆုံမှုများကြောင့် အနည်းဆုံး ရုပ်ရှင်စီမံကိန်း (၃) ခုအတွက် စိတ်ကူးစိတ်သန်းများ ရရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
သို့သော် အဆိုပါလှုပ်ရှားမှုအပေါ် အိုင်ယာလန် ဇာတ်ညွှန်းရေးဆရာ Alan O’Gorman ကဲ့သို့သော အနုပညာရှင်များက "သိသာထင်ရှားသည့် ဝါဒဖြန့်မှု" ဟု ဝေဖန်ခဲ့ကြပြီး စစ်ပွဲကို ထောက်ခံအားပေးရန်အတွက် အနုပညာကိုအသုံးချခံရသည့်အပေါ် အခြားသော ရုပ်ရှင်လောကသားများကလည်း စိတ်ပျက်လျက်ရှိကြသည်။
တစ်ဆက်တည်းမှာပင် နေတိုးအဖွဲ့အတွင်း၌လည်း အကွဲအပြဲများ ကြီးထွားလာနေသည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးအဖွဲ့အား "စက္ကူကျား" ဟု ခေါ်ဆိုကာ ဝေဖန်ခဲ့ပြီး ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းကို သိမ်းပိုက်လိုသည့်ကိစ္စနှင့် အီရန်စစ်ပွဲတွင်ပါဝင်ရန် ငြင်းဆန်မှုများကြောင့် အမေရိကန်နှင့် ဥရောပနိုင်ငံများအကြား တင်းမာမှုများ ရှိနေသည်။ ပိုလန် ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ်ကလည်း နေတိုးအဖွဲ့၏ အဓိကခြိမ်းခြောက်မှုမှာ ပြင်ပရန်သူကြောင့်မဟုတ်ဘဲ အဖွဲ့အတွင်း တဖြည်းဖြည်းစည်းလုံးမှုပြိုကွဲလာနေမှုသာဖြစ်ကြောင်း သတိပေး ပြောကြားထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
