အမေရိကန်နှင့်အီရန် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရပ်တန့်နေပြီး နှစ်ဖက်စလုံး အလျှော့မပေးဘဲ ဖြစ်နေ

News Image

  • အမေရိကန်နှင့်အီရန် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရပ်တန့်နေပြီး နှစ်ဖက် စလုံး အလျှော့မပေးဘဲ ဖြစ်နေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပါကစ္စတန် ကြားခံ ကိုယ်စားလှယ်များမှတစ်ဆင့် ပေးပို့လာသော အီရန်၏တန်ပြန်ငြိမ်းချမ်းရေး အဆိုပြုချက်ကို လက်ခံနိုင်စရာမရှိဟုဆိုကာ ပယ်ချလိုက်ခြင်းကြောင့် နှစ်နိုင်ငံအကြား သံတမန်ရေးရာအကျပ်အတည်းမှာ ရှေ့မတိုးသာဖြစ်ကာ ရပ်တန့်နေသည်။ 

ပြီးခဲ့သည့်လက ယာယီအပစ်အခတ်ရပ်စဲရေး ရယူနိုင်ခဲ့သော်လည်း နှစ်ဖက်အစိုးရများသည် စစ်ရေးထက် စီးပွားရေးအရဖိအားပေးမှုများကို အသုံးချ၍ တစ်ဖက်အား အလျှော့ပေးလာစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေကြသည်။ သမ္မတထရမ့်က အီရန်အနေဖြင့် ၎င်းတို့၏ နှစ်ပေါင်း ၄၀ ကျော်ကြာ လုပ်ရပ်များအတွက် ထိုက်တန်သောပေးဆပ်မှုမျိုး မလုပ်ရသေးကြောင်း လူမှုကွန်ရက်တွင်ဝေဖန်ခဲ့ပြီး အမေရိကန်ဘက်က အပစ်ရပ် သက်တမ်းကို ၂ လ တိုးမြှင့်လိုသော်လည်း အီရန် ဘက်ကမူ ရက်ပေါင်း ၃၀ အတွင်း အပြီးသတ်ဖြေရှင်းရန် တောင်းဆိုနေသည်။

ပါရှန်ပင်လယ်ကွေ့အတွင်း ဖြစ်ပွားနေသော အဆိုပါ အကျပ်အတည်း သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားလုပ်ကြံမှုများ၊ အစိုးရပြုတ်ကျစေရန် ရည်ရွယ်သည့် ဗုံးကြဲတိုက်ခိုက်မှုများမှ စတင်ခဲ့ခြင်းဖြစ်သည်။ အီရန်ဘက်ကလည်း အမေရိကန်စစ်အခြေစိုက်စခန်းရှိရာ နိုင်ငံများကို ပြန်လည်တိုက်ခိုက်ခြင်းနှင့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းကုန်သွယ်ရေးကို နှောင့်ယှက်ခြင်းတို့ဖြင့် တုံ့ပြန်ခဲ့သည်။

လက်ရှိတွင် အမေရိကန်က အီရန်ဆိပ်ကမ်းများကိုပိတ်ဆို့ထားသဖြင့် ကမ္ဘာ့ရေနံဈေးနှုန်းများမြင့်တက်လာမှုကို ထိန်းချုပ်ရန် ဝါရှင်တန်အနေဖြင့် စရိတ်ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

အခြေခံအားဖြင့် နှစ်ဖက်စလုံး၏ တောင်းဆိုချက်များမှာ များစွာကွာဟနေဆဲ ဖြစ်သည်။ အီရန်နိုင်ငံက နောင်တွင် တိုက်ခိုက်ခြင်းမခံရစေရန် အာမခံချက်၊ စစ်လျော်ကြေးနှင့် ၎င်းတို့၏ နျူကလီးယားစီမံကိန်းကို ဆက်လက် လုပ်ဆောင်ခွင့်ရရှိရန် ကြိုးပမ်းနေသည်။

တစ်ဖက်တွင်လည်း အမေရိကန်က အီရန်၏ နျူကလီးယားလုပ်ငန်းစဉ်အားလုံးကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် မဟာဗျူဟာမြောက် ရေလမ်းကြောင်း များတွင် အကန့်အသတ်မရှိ သွားလာခွင့်ပေးရန် အခိုင်အမာတောင်းဆိုထားသည်။ ထို့ကြောင့် အဆိုပါ သဘောထားကွဲလွဲမှုများအကြား ပါရှန် ပင်လယ်ကွေ့၏ ငြိမ်းချမ်းရေးသည် ဆက်လက် စိုးရိမ်ဖွယ်ရာအခြေအနေတွင် ရှိနေပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး