ယူကရိန်းသို့ EU ချေးငွေထောက်ပံ့မည့် အစီအစဉ်တွင် စလိုဗက်ကီးယား ပါဝင်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ် ဖီကို အတည်ပြု
စလိုဗက်ကီးယားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအတွက် ဥရောပသမဂ္ဂ (EU) က အတည်ပြုထားသည့် ယူရို ၉၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၆ ဘီလီယံ) တန်ဖိုးရှိ ဘုံကြွေးမြီအစီအစဉ်အပါအဝင် မည်သည့်ချေးငွေ အစီအစဉ်တွင်မဆို ပါဝင်ဆောင်ရွက်သွားမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် ရောဘတ်ဖီကို (Robert Fico) က တနင်္ဂနွေနေ့ (မေ ၃) တွင် ပြတ်သားစွာ ပြောကြားလိုက်သည်။
ဖီကိုက ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် စလိုဗက်ကီးယားနိုင်ငံအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ စိုးရိမ်ရမှုများကြောင့် ယခုလက်ရှိ ချေးငွေအစီအစဉ်သာမက နောင်တွင် ထပ်မံပေါ်ပေါက်လာမည့် ယူကရိန်းဆိုင်ရာ ချေးငွေများတွင်လည်း ပါဝင်မည်မဟုတ်ကြောင်းနှင့် ယင်းအတွက် လိုအပ်သည့် ဥပဒေကြောင်းအရ အကာအကွယ်များကိုလည်း လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
အဆိုပါ EU ချေးငွေအစီအစဉ်သည် စစ်ပွဲအပြီးတွင် ရုရှားနိုင်ငံထံမှ ရရှိလာမည့် စစ်လျော်ကြေးများဖြင့် ပြန်လည်ပေးဆပ်မည်ဟူသော ယူဆချက် အပေါ် အခြေခံထားခြင်းဖြစ်သည်။ သို့သော် ရုရှား နိုင်ငံဘက်ကမူ ယင်းအစီအစဉ်သည် လက်တွေ့မကျကြောင်း ပယ်ချထားသကဲ့သို့ စလိုဗက်ကီးယား၊ ဟန်ဂေရီနှင့် ချက်သမ္မတနိုင်ငံတို့ကလည်း ဆက်စပ်ရိုက်ခတ်လာမည့် ဘဏ္ဍာရေးအန္တရာယ် ကြီးမားလွန်းသည်ဟုယူဆကာ ပါဝင်ရန် ငြင်းဆန်နေကြခြင်းဖြစ်သည်။
ထို့အပြင် ယူကရိန်းက စလိုဗက်ကီးယားနှင့် ဟန်ဂေရီသို့ပေးပို့နေသော ရေနံပိုက်လိုင်းများကို ဖြတ်တောက်ခဲ့ခြင်းအပေါ် အဆိုပါနှစ်နိုင်ငံ၏ ခေါင်းဆောင်များက နိုင်ငံရေးအရ အကျပ်ကိုင်တိုက်ခိုက်ခြင်းဟု ရှုမြင်ခဲ့ကြပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့သည်။
ဝန်ကြီးချုပ် ဖီကိုသည် တနင်္ဂနွေနေ့ (မေ ၃) တွင် ယူကရိန်းခေါင်းဆောင် ဇီလန်စကီးနှင့် ဖုန်းဖြင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ယူကရိန်း၏ EU အဖွဲ့ဝင်ဖြစ်ရေးနှင့်ပတ်သက်၍ သတိကြီးစွာဖြင့်သာ မှတ်ချက်ပြုခဲ့သည်။
ယူကရိန်း၏ အဖွဲ့ဝင်ဖြစ်လာမှုသည် နယ်စပ်လုံခြုံရေးနှင့် ရာဇဝတ်မှုလျှော့ချရေးအတွက် အားသာချက်အချို့ရှိနိုင်သော်လည်း ယူကရိန်းကို အတိအလင်းထောက်ခံနေသည့် EU နိုင်ငံအချို့ကပင် အဖွဲ့ဝင်အဖြစ် လက်ခံရန် ငြင်းဆန်နေကြခြင်းမှာ "အသေအချာထည့်သွင်း သုံးသပ်သင့်သည့် ဝိရောဓိအခြေအနေ" ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ လက်ရှိတွင် စလိုဗက်ကီးယားအနေဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အလျောက် စွမ်းအင်သယ်ယူပို့ဆောင်ရေးကဲ့သို့သော မရှိမဖြစ် ကိစ္စရပ်များအတွက်သာ ယူကရိန်းနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်ဟု ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
