အီရန်ဆွေးနွေးပွဲများအပေါ် အခြေခံ၍ အလောင်းအစား မပြုလုပ်ရန် အမေရိကန်သံတမန်များကို သတိပေး
အီရန်နှင့်ဆွေးနွေးမှုများအပေါ်အခြေခံပြီး အစိုးရ၏လျှို့ဝှက်ချက်များကို အသုံးပြုကာ အလောင်းအစားပြုလုပ်ခြင်းမျိုး မလုပ်ဆောင်ရန် အမေရိကန် သံတမန်များကို သတိပေးထားကြောင်း Wall Street Journal (WSJ) က ဖော်ပြခဲ့သည်။ အရှေ့အလယ်ပိုင်းစစ်ပွဲနှင့်ဆက်နွှယ်နေသော အချိန်အခါ ကိုက် လောင်းကြေးထပ်မှုများနှင့် ကုန်သွယ်မှုများအပေါ် စောင့်ကြည့် စစ်ဆေးမှုများမြင့်တက်နေချိန်တွင် ယခုသတိပေးချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထုတ်ဖော်ပြောကြားခြင်းမရှိသေးသည့် ရုံးသုံးအချက်အလက်များကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းသည် ‘အလွန်ပြင်းထန်သော ပြစ်မှုဖြစ်ပြီး ခွင့်လွှတ်မည်မဟုတ်ကြောင်း’ ကမ္ဘာတစ်ဝှမ်းရှိ ဝန်ထမ်းများထံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု WSJ က ကြာသပတေးနေ့ (မေ ၇) တွင် ရေးသားခဲ့သည်။ အဆိုပါညွှန်ကြားချက်တွင် ကမ္ဘာလုံးဆိုင်ရာဖြစ်ရပ်များကို ခန့်မှန်း လောင်းကြေးထပ်နိုင်သည့် Kalshi နှင့် Polymarket ကဲ့သို့သော အွန်လိုင်းပလက်ဖောင်းများကို ရည်ညွှန်းထားကြောင်း သိရှိရသည်။
သတင်းဖော်ပြချက်အရ ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုအား ရာထူးမှဖယ်ရှားမည့်အရေးနှင့်ပတ်သက်သည့် အလောင်းအစားများမှအမြတ်ထုတ်ရန် လျှို့ဝှက်အချက်အလက်များကိုအသုံးပြုခဲ့သည်ဟု စွပ်စွဲခံရသော အမေရိကန်အထူးတပ်ဖွဲ့ဝင်တစ်ဦးအဖမ်းခံရပြီး တစ်ပတ်အကြာ တွင် ယခုညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းသံသယရှိသူ သည် ဇန်နဝါရီလအတွင်းက အမေရိကန်စစ်တပ်၏ စီးနင်း တိုက်ခိုက်မှုမတိုင်မီ ကြိုတင်လောင်းကြေးထပ်မှုများမှတစ်ဆင့် ဒေါ်လာ ၄ သိန်းကျော်ရရှိခဲ့သည်ဟု တရားလိုများကစွပ်စွဲထားသော်လည်း ၎င်းကမူ အပြစ်မရှိကြောင်း ငြင်းဆိုထားသည်။
အီရန်နှင့်ဆက်နွှယ်သော အလောင်းအစားများနှင့်ပတ်သက်၍ Polymarket သည်လည်း စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသည်။ အမေရိကန်-အစ္စရေး တို့က အီရန်ကိုဗုံးကြဲတိုက်ခိုက်မည်ဟု ခန့်မှန်းလောင်းကြေးထပ်ခဲ့သော အကောင့်အစုအဖွဲ့တစ်ခုသည် ဒေါ်လာ ၁ သန်းကျော် အမြတ်ရရှိခဲ့ ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
အတွင်းလူများက သတင်းအချက်အလက်အသာစီးယူ၍ ကုန်သွယ်မှုပြုလုပ်သည့် (Insider trading) ပြဿနာသည် သမားရိုးကျ ဘဏ္ဍာရေးစျေးကွက် များသို့လည်း ပျံ့နှံ့ရောက်ရှိနေပြီဖြစ်သည်။
အမေရိကန်-အီရန် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိနိုင်ခြေရှိကြောင်း သတင်းများကြောင့် ရေနံစျေးနှုန်းများ ထိုးဆင်းမသွားမီ တစ်နာရီအလို ဗုဒ္ဓဟူးနေ့ (မေ ၆) တွင် ရေနံစိမ်းစျေးကွက်၌ အလုံးအရင်းဖြင့် အရောင်းဖွင့်မှု (Short position) တစ်ခု ပြုလုပ်ခဲ့သည်။ စွမ်းအင်စျေးကွက် လေ့လာဆန်းစစ်သူများက MarketWatch သို့ ပြောကြားရာတွင် ယင်းလုပ်ဆောင်ချက်သည် သံသယဖြစ်ဖွယ်ကောင်းပြီး ဖေဖော်ဝါရီလ နှောင်းပိုင်း ပဋိပက္ခများစတင်ကတည်းက ပေါ်ပေါက်လာသည့် ပုံစံတူ လုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။
အမေရိကန်နှင့် အီရန်အရာရှိများ၏ စျေးကွက်ကို လှုပ်ခတ်စေနိုင်သောထုတ်ပြန်ချက်များ မထွက်ပေါ်မီ တိုက်ဆိုင်စွာပြုလုပ်ခဲ့သည့် ဒေါ်လာ ၂.၆ ဘီလီယံကျော် တန်ဖိုးရှိ ရေနံကုန်သွယ်မှု အနည်းဆုံးလေးခုကိုလည်း တရားရေးဌာနနှင့် ကုန်စည်ဒိုင် ကြိုတင်ကုန်သွယ်မှုကော်မရှင် (CFTC) တို့က စစ်ဆေးနေကြောင်း သိရှိရသည်။
ပထဝီနိုင်ငံရေး အခြေအနေများအပေါ်အခြေခံ၍ အလောင်းအစားပြုလုပ်မှုများအပေါ် စောင့်ကြည့်စစ်ဆေးမှုများ ရှိလာရာမှတစ်ဆင့် ဒေါ်နယ်ထရမ့်၏မိသားစုနှင့် အဆိုပါ လုပ်ငန်းနယ်ပယ်ကြား ဆက်နွှယ်မှုများမှာ အကျိုးစီးပွား ပဋိပက္ခဖြစ်နိုင်ခြေရှိမရှိကိုလည်း အာရုံစိုက်လာကြသည်။ ဒေါ်နယ်ထရမ့် ဂျူနီယာ (Donald Trump Jr.) သည် Polymarket နှင့် Kalshi နှစ်ခုစလုံးတွင် အကြံပေးအဖြစ်ဆက်နွှယ်မှုရှိနေပြီး ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သော 1789 Capital မှတစ်ဆင့် Polymarket တွင် ရင်းနှီးမြှုပ်နှံထားကြောင်း New York Times က ဇန်နဝါရီလတွင် ဖော်ပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
