အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပါက အီရန်နိုင်ငံ မီးဟုန်းဟုန်းတောက်သွားမည်ဟု သမ္မတ ထရမ့် သတိပေး
ဟော်မုဇ် ရေလက်ကြားအတွင်း အမေရိကန်နှင့် အီရန်တပ်ဖွဲ့များအကြား စစ်ရေးအရ ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့သော်လည်း နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးမှာ ယခုထက်ထိ အသက်ဝင်နေဆဲဖြစ်ကြောင်းသမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့ (မေ ၇) တွင် ပြောကြားလိုက်သည်။
လင်ကွန်းအထိမ်းအမှတ်ဗိမာန်အနီးတွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် သမ္မတက အကယ်၍ အပစ်အခတ်ရပ်စဲရေးသာ ပျက်ပြယ်သွားပါက ကမ္ဘာက ချက်ချင်းသိသာမြင်တွေ့ရမည်ဖြစ်ကြောင်းနှင့် “အီရန် နိုင်ငံအတွင်းမှ အလွန်ကြီးမားသော မီးတောက်အလင်းတန်းကြီး ထွက်ပေါ်လာသည်ကို မြင်တွေ့ရလိမ့်မည်” ဟု ပြင်းထန်စွာ သတိပေး ပြောဆိုခဲ့သည်။
ယခုဖြစ်ပွားခဲ့သော စစ်ရေးတင်းမာမှုတွင် အမေရိကန် ရေတပ် ဖျက်သင်္ဘောများကို ဒုံးကျည်များ၊ ဒရုန်းများနှင့် ရေယာဉ်ငယ်များအသုံးပြု၍ တိုက်ခိုက်ခဲ့သော အီရန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (Central Command) က တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ သမ္မတထရမ့်က အီရန်၏ လုပ်ဆောင်ချက်များကို “စနောက်မှု” (Trifle) အဖြစ်သာ သတ်မှတ်ပြီး အမေရိကန် တပ်ဖွဲ့များက ထိုစနောက်မှုများကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ကြောင်း ကြွားဝါပြောဆို ခဲ့သည်။
ထို့ပြင် အီရန်နှင့် သံတမန်ရေးအရ ညှိနှိုင်းမှုများနှင့်ပတ်သက်၍ သမ္မတ က ဆက်လက်ပြောကြားရာတွင် သဘောတူညီချက်တစ်ခုရရှိရန်မှာ မရေရာ သော်လည်း မည်သည့်အချိန်တွင်မဆို ဖြစ်လာနိုင်သည်ဟု ဆိုသည်။ လက်ရှိတွင် အခြေအနေများမှာ တင်းမာနေဆဲဖြစ်သော်လည်း အမေရိကန် အနေဖြင့် အခြေအနေကို ထိန်းချုပ်ထားနိုင်ကြောင်းနှင့် အီရန် ဘက်က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပါက ပြင်းထန်သော စစ်ရေးတုံ့ပြန်မှုများ ကြုံတွေ့ရမည်ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရှိရပါသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
