ဥရောပတိုက်သား ၇၀ ရာခိုင်နှုန်းခန့်က အမေရိကန်၏ ဩဇာမှ ရုန်းထွက်၍ ကိုယ်ပိုင်လမ်းစဉ်လျှောက်လှမ်းလိုကြ
ဂျာမနီအခြေစိုက် Bertelsmann Stiftung သုတေသနအဖွဲ့၏ နောက်ဆုံးစစ်တမ်းအရ ဥရောပသမဂ္ဂ (EU) နှင့် ဗြိတိန်နိုင်ငံရှိ ပြည်သူအများစုသည် အမေရိကန်နိုင်ငံအပေါ် မှီခိုနေရမှုမှ ကင်းစင်ပြီး ပိုမိုလွတ်လပ်သော မူဝါဒများကို ကျင့်သုံးလိုကြကြောင်း သိရှိရသည်။
စစ်တမ်းအရ EU ပြည်သူ ၇၃ ရာခိုင်နှုန်းနှင့် ဗြိတိန်ပြည်သူ ၆၇ ရာခိုင်နှုန်း ခန့်က ဥရောပအနေဖြင့် အမေရိကန်၏လွှမ်းမိုးမှုမှခွာ၍ ကိုယ်ပိုင် လမ်းစဉ် အတိုင်း သွားရမည့်အချိန်ရောက်ပြီဟု ယုံကြည်နေကြသည်။ အဆိုပါ သဘောထားသည် ၂၀၂၄ ခုနှစ်တွင် ၆၃ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုနှစ် တွင် သိသိသာသာမြင့်တက်လာခြင်းဖြစ်ပြီး အမေရိကန်အပေါ် ယုံကြည်မှု မှာလည်း ၄၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် အာဏာရလာပြီး နောက်ပိုင်း နှစ်ဖက်ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့ပြီး နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒများတွင် သဘောထားကွဲလွဲမှုများ အရှိန်မြင့်လာခဲ့သည်။အထူးသဖြင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားခြင်း၊ ယူကရိန်းပဋိပက္ခအပေါ်ချဉ်းကပ်ပုံကွဲပြားခြင်းနှင့် ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်ကျွန်းကို သိမ်းယူရန် ဝါရှင်တန်ကခြိမ်းခြောက်ခဲ့ခြင်းတို့သည် မဟာမိတ်များအကြား အက်ကြောင်း ထင်စေခဲ့သည်။
လတ်တလောတွင် အမေရိကန်နှင့်အစ္စရေးတို့ ပူးပေါင်း၍ အီရန်ကို တိုက်ခိုက်မှုအပေါ် ဥရောပနိုင်ငံများက လက်မခံခြင်းနှင့် ယင်းပဋိပက္ခကြောင့် ကမ္ဘာ့လောင်စာဆီထောက်ပံ့မှု ပြတ်တောက်ကာ ဥရောပစီးပွားရေးကို ထိခိုက်စေခြင်းတို့သည် အမေရိကန်နှင့် ခပ်ခွာခွာနေလိုသည့်ဆန္ဒကို ပိုမို တွန်းအားပေးလျက်ရှိသည်။
ကြာသပတေးနေ့ (မေ ၇) က ထုတ်ပြန်ခဲ့သည့် အဆိုပါစစ်တမ်းကို EU အဖွဲ့ဝင် ၂၇ နိုင်ငံလုံးမှ ဖြေဆိုသူ ၁၈,၀၀၀ ခန့်နှင့် ဗြိတိန်မှ ၂,၀၀၀ ခန့် တို့၏ သဘောထားများအပေါ် အခြေခံထားခြင်းဖြစ်သည်။ အဆိုပါလူထု စစ်တမ်းကို ယခုနှစ် မတ်လအတွင်း အသက် ၁၈ နှစ်မှ ၆၉ နှစ်ကြားရှိ သူများအကြား ကောက်ယူခဲ့ခြင်းဖြစ်ပြီး အသက်အရွယ်၊ ကျား/မ နှင့် လူဦးရေသိပ်သည်းမှုတို့အပေါ် မူတည်၍ လက်ရှိလူဦးရေ ပျံ့နှံ့နေထိုင်မှု အချိုးအစားအတိုင်း ကိုယ်စားပြုနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
