ကိယက်ဗ်အနေဖြင့် ဒွန်ဘတ်စ်မှ တပ်ဆုတ်ပေးမှသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်မည်ဟု ရုရှားသတိပေး
ယူကရိန်း၊ အမေရိကန်တို့နှင့်ပြုလုပ်မည့် သုံးပွင့်ဆိုင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှေ့ဆက်နိုင်ရန်အတွက် ကိယက်ဗ်အနေဖြင့် အရေးကြီးသော ခြေလှမ်းတစ်ရပ်ကို ဦးစွာလှမ်းရမည်ဟု ရုရှားသမ္မတ၏ အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ်က ပြောကြားလိုက်သည်။ ထိုခြေလှမ်းမှာ ၎င်းတို့ ထိန်းချုပ်ထားဆဲဖြစ်သော ဒွန်ဘတ်စ်နယ်မြေများမှ ယူကရိန်းတပ်ဖွဲ့များ ရုပ်သိမ်းပေးရေးဖြစ်ပြီး ယင်းသို့လုပ်ဆောင်မှသာ စစ်ရေးဆောင်ရွက်မှုများရပ်တန့်ကာ ရေရှည်ဖြေရှင်းချက်များအတွက် လမ်းပွင့်လာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဂျနီဗာတွေ့ဆုံမှုအပြီးတွင် အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် ဆွေးနွေးမှုများရပ်တန့်နေခဲ့ခြင်းမှာ အမေရိကန်ဘက်က အရှေ့အလယ်ပိုင်း အကျပ်အတည်းကိုသာ အာရုံစိုက်နေခြင်းကြောင့် ဖြစ်သည်ဟုလည်း အူရှာကော့ဗ်က ဝေဖန်ခဲ့သည်။
သို့သော်လည်း ယူကရိန်းအစိုးရဘက်ကမူ ၎င်းတို့၏ နယ်မြေများကို စွန့်လွှတ်ရန် အစဉ်တစိုက် ငြင်းဆန်ထားပြီး ရုရှားလက်ထဲသို့ ရောက်ရှိသွားသော နယ်မြေအားလုံးကို ပြန်လည်သိမ်းပိုက်ရန်သာ ရည်မှန်းထားဆဲ ဖြစ်သည်။
မတ်လအတွင်းက ယူကရိန်းသမ္မတ ဇီလန်စကီးက ဒွန်ဘတ်စ်နယ်မြေများကို ရုရှားထံပေးအပ်ရန် အမေရိကန်က ဖိအားပေးခဲ့သည်ဟု ပြောကြားခဲ့သော်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကမူ ယင်းပြောဆိုချက်မှာ မဟုတ်မှန်ကြောင်း တုံ့ပြန်ပယ်ချခဲ့သည်။ လက်ရှိတွင် ဒွန်ဘတ်စ်ဒေသ၏ အခြေအနေမှာ နှစ်ဖက်စလုံးက လုံးဝဆန့်ကျင်ဘက်ရပ်တည်ချက်များကို ကိုင်စွဲထားကြသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အဓိက အတားအဆီးတစ်ခု ဖြစ်နေပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
