အီရန်နှင့် အမေရိကန်ကြား တင်းမာမှုများမြင့်တက်နေသော်လည်း အီရန် အောင်ပွဲခံရန် နီးစပ်နေဟု အီရန် ဒုသမ္မတဆို

News Image

  • အီရန်နှင့် အမေရိကန်ကြား တင်းမာမှုများမြင့်တက်နေသော်လည်း အီရန် အောင်ပွဲခံရန် နီးစပ်နေဟု အီရန် ဒုသမ္မတဆို

အီရန်နိုင်ငံအနေဖြင့် အမေရိကန်နှင့် အစ္စရေးတို့အပေါ် စစ်ရေးအရ ‘ကြီးကျယ်သောအောင်ပွဲ’ ကို မကြာမီဆင်နွှဲနိုင်တော့မည်ဖြစ်ကြောင်း အီရန်ဒုတိယသမ္မတ မိုဟာမက် ရီဇာ အာရက်ဖ် က ကြာသပတေးနေ့ (မေ ၇) တွင် ပြောကြားလိုက်သည်။ နိုင်ငံပိုင် Press TV ၏ ထုတ်ပြန်ချက်အရ ယင်းအောင်ပွဲနှင့်အတူ အီရန်နိုင်ငံအပေါ် နှစ်ရှည်လများ ချမှတ်ထားသည့် နိုင်ငံတကာပိတ်ဆို့မှုများနှင့် ဖိအားများအားလုံးသည်လည်း အဆုံးသတ်သွားလိမ့်မည်ဟု အာရက်ဖ်က ယုံကြည်မှုအပြည့်ဖြင့် ဆိုခဲ့သည်။

အဆိုပါ ပြောကြားချက်များသည် ဟော်မုဇ်ရေလက်ကြားအတွင်း နှစ်ဖက်တပ်ဖွဲ့များကြား အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့် တစ်နေ့တည်းမှာပင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်၍ အီရန်ဘက်က အမေရိကန်သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေသည်ဟု စွပ်စွဲထားသော်လည်း အမေရိကန်ဘက်ကမူ ၎င်းတို့အနေဖြင့် ပဋိပက္ခကို ပိုမိုကြီးထွားအောင် လုပ်ဆောင်လိုသည့်ဆန္ဒမရှိဘဲ အပစ်အခတ်ရပ်စဲရေးမှာ ဆက်လက်တည်မြဲနေကြောင်း တုံ့ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ အီရန်အနေဖြင့် သဘောတူညီချက်အသစ်တစ်ရပ်ကို မကြာမီ လက်မှတ်မထိုးပါက ယခုထက်ပိုမို ပြင်းထန် ရက်စက်သော စစ်ရေးအရအရေးယူမှုများဖြင့် နှိမ်နင်းသွားမည်ဟု သတိပေးခဲ့သည်။ သို့သော်လည်း ABC News နှင့် အင်တာဗျူးတွင် ထရမ့်က လက်ရှိဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကို ‘စနောက်မှု’ ဟုသာ ခိုင်းနှိုင်းခဲ့ပြီး အပစ်အခတ်ရပ်စဲရေးသည် အသက်ဝင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး