အီရန်သို့ အမေရိကန်၏ ကမ်းလှမ်းချက်မှာ စာမျက်နှာတစ်မျက်နှာထက် ပိုမိုကျယ်ပြန့်ကြောင်း သမ္မတ ထရမ့် ပြောကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးသတ်ရန်ပေးပို့ထားသည့် အဆိုပြုချက်သည် ယခင်က သတင်းထွက်ပေါ်နေသကဲ့သို့ စာမျက်နှာတစ်မျက်နှာတည်းမဟုတ်ဘဲ ထို့ထက် ပိုမိုကျယ်ပြန့်သည့် ကမ်းလှမ်းချက်ဖြစ်ကြောင်း ကြာသပတေးနေ့ (မေ ၇) တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းအဆိုပြုချက်တွင် အီရန်အနေဖြင့် နျူကလီးယားလက်နက်များ လုံးဝပိုင်ဆိုင်ခွင့်မရှိစေရေး၊ နျူကလီးယားဆိုင်ရာ ပစ္စည်းကိရိယာများကို အမေရိကန်သို့ လွှဲပြောင်းပေးအပ်ရေးနှင့် အမေရိကန်ဘက်က အလိုရှိသည့် အခြားတောင်းဆိုချက်များစွာပါဝင်ကြောင်း သတင်းထောက်များကို ရှင်းလင်းခဲ့သည်။
သမ္မတ ထရမ့်က အီရန် ဘက်မှ အဆိုပါအချက်များကို သဘောတူညီထားသည်ဟု ဆိုသော်လည်း အီရန် ခေါင်းဆောင်များသည် ကတိကဝတ်များကို အလွယ်တကူ ပြောင်းလဲတတ်သည့်အတွက် ၎င်းတို့၏ သဘောတူညီမှုအပေါ် အပြည့်အဝယုံကြည်ရန် ခက်ခဲကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ လက်ရှိတွင် အီရန်အစိုးရသည် ပါကစ္စတန် ကြားဝင်စေ့စပ်ပေးသူများမှတစ်ဆင့် ပေးပို့လာသော အမေရိကန်၏ သဝဏ်လွှာများကို ဆက်လက်သုံးသပ်နေဆဲဖြစ်ပြီး တရားဝင်တုံ့ပြန်မှုကိုမူ မေလ ၇ ရက်နေ့ အထိ အတည်ပြုထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
