အမေရိကန်နှင့် အီရန် စစ်ပွဲအဆုံးသတ်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန် နီးစပ်နေ
အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ဖြစ်ပွားနေသည့်စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် အချက်အလက် တစ်မျက်နှာတည်းသာပါဝင်သော နားလည်မှုစာချွန်လွှာ (Memorandum) တစ်ရပ်အပေါ် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ဆွေးနွေးပွဲနှင့် နီးစပ်သည့် ဒေသတွင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အဆိုပါ စာချွန်လွှာတွင် လက်ရှိပဋိပက္ခများကို အဆုံးသတ်ရန် ကြေညာချက်နှင့်အတူ ရက်ပေါင်း ၃၀ အတွင်း နျူကလီးယားဆိုင်ရာတောင်းဆိုချက်များ၊ထိန်းချုပ်ထားသော အီရန်ပိုင်ဆိုင်မှုများ ပြန်လည်လွှတ်ပေးရေးနှင့် ဟော်မုဇ်ရေလက်ကြားလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အပြီးသတ် ညှိနှိုင်းသွားရန်ပါဝင်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခြေအနေများကို အပြည့်အဝထိန်းချုပ်ထားနိုင်ကြောင်းနှင့် အီရန် ဘက်က သဘောတူညီချက်ရရှိရန် အလွန်လိုလားနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အကယ်၍ အီရန်ဘက်က သဘောတူညီမှုမရရှိခဲ့ပါက ဗုံးကြဲတိုက်ခိုက်မှုများကို ပြန်လည်စတင်မည်ဟု ပြင်းထန်စွာ သတိပေးထားသည်။ အမေရိကန်၏ ကမ်းလှမ်းချက်တွင် အီရန်၏ သန့်စင်ပြီးယူရေနီယံလက်ကျန်များကို အမေရိကန်သို့ လွှဲပြောင်းပေးရန်နှင့် မြေအောက်နျူကလီးယား စက်ရုံများ အားလုံးရပ်ဆိုင်းထားရန် ပါဝင်ကြောင်း PBS News သို့ ပြောကြားခဲ့သည်။
အီရန် ဘက်တွင်မူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါယီက အမေရိကန်၏ ကမ်းလှမ်းချက်ကိုသုံးသပ်နေဆဲဖြစ်ပြီး ၎င်းတို့၏တုံ့ပြန်မှုကို ပါကစ္စတန် ကြားဝင်စေ့စပ်ပေးသူများမှတစ်ဆင့် အကြောင်းပြန်မည်ဟု ဆိုသည်။ သို့သော်လည်း အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဂါလီဘတ်က ရှေ့တွင် ခက်ခဲသောလမ်းခရီးများရှိနေကြောင်း နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ပြည်သူများကို သတိပေးထားသည်။
တစ်ချိန်တည်းမှာပင် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည် ထရမ့် အစိုးရအဖွဲ့နှင့် ဆွေးနွေးမှုများပြုလုပ်ကာ အမေရိကန် ဘက်မှ အီရန်အပေါ် နောက်ဆုံးမိနစ် အလျှော့ပေးလိုက်လျောမှုများ ရှိလာမည်ကို စိုးရိမ်မကင်းဖြစ်နေကြောင်း သိရှိရပါသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
