အမေရိကန်-အီရန် သဘောတူညီချက်ရရှိရန် နီးစပ်မှုကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ဆက်တိုက်ပြန်လည်ကျဆင်းလာ

News Image

  • အမေရိကန်-အီရန် သဘောတူညီချက်ရရှိရန် နီးစပ်မှုကြောင့် ကမ္ဘာ့ ရေနံ ဈေးနှုန်းများ ဆက်တိုက်ပြန်လည်ကျဆင်းလာ

အမေရိကန်နှင့် အီရန်တို့အကြား သံတမန်ရေးရာ သဘောတူညီချက်ရရှိရန် နီးစပ်လာပြီး ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးအတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်မည့်လက္ခဏာများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများသည် မေလ ၇ ရက်နေ့တွင် ဆက်လက်ကျဆင်း လျက်ရှိသည်။ 

ကမ္ဘာ့စံနှုန်းဖြစ်သော Brent crude ရေနံဈေးနှုန်းမှာ ၁.၅ ရာခိုင်နှုန်း ထပ်မံကျဆင်းကာ တစ်စည်လျှင် ၉၉.၈ ဒေါ်လာအထိ ရောက်ရှိခဲ့သကဲ့သို့ အမေရိကန်စံနှုန်းဖြစ်သည့် WTI ရေနံဈေးနှုန်းမှာလည်း ၉၃.၅ ဒေါ်လာအထိ ကျဆင်းခဲ့သည်။ ယခုသီတင်းပတ်အတွင်း ရေနံဈေးနှုန်းများသည် တနင်္လာနေ့ (မေ ၄) တွင် ယခုနှစ်အတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့သော်လည်း ဗုဒ္ဓဟူးနေ့ (မေ ၆) မှစတင်ကာ အကြီးအကျယ် ပြန်လည် ထိုးကျလာခြင်းဖြစ်သည်။

သို့သော်လည်း လက်ရှိရေနံဈေးနှုန်းမှာ ဖေဖော်ဝါရီလနှောင်းပိုင်းက ဖြစ်ပွားခဲ့သော အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများ မတိုင်ခင် ကထက် သုံးပုံတစ်ပုံခန့်မြင့်မားနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။ Jefferies ရင်းနှီးမြှုပ်နှံမှုဘဏ်၏ စီးပွားရေးပညာရှင် Mohit Kumar က လာမည့်ရက်ပိုင်းအတွင်း သဘောတူညီချက်ရရှိခဲ့လျှင်ပင် ရေနံဈေးနှုန်းများသည် စစ်မဖြစ်မီက အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ခဲယဉ်းကြောင်း သုံးသပ်ထားသည်။ 

၎င်းတို့၏ ခန့်မှန်းချက်အရ နောက်ထပ် ၃ လမှ ၆ လအတွင်း Brent ရေနံဈေးနှုန်းသည် တစ်စည်လျှင် ၈၀ ဒေါ်လာဝန်းကျင်တွင် ဆက်လက် ရှိနေနိုင်ပြီး ၎င်းမှာ စစ်မဖြစ်မီကာလထက် ၂၅ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားနေဦးမည် ဖြစ်သည်။

စွမ်းအင်ဈေးနှုန်းများ မြင့်မားနေခြင်းသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေကြောင်း ပညာရှင် များက ထောက်ပြခဲ့ကြသည်။ အဆိုပါအခြေအနေမှာ ကမ္ဘာတစ်ဝှမ်းရှိ လုပ်ငန်းကဏ္ဍအသီးသီးနှင့် ကုမ္ပဏီများအကြားတွင် အကျိုးအမြတ်ရရှိသူနှင့် ဆုံးရှုံးနစ်နာသူများဟူ၍ သိသိသာသာ ကွာခြားသွားစေနိုင်ကြောင်း အဆိုပါသတင်းက ဖော်ပြထားပါသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး