ပြိုင်ဘက် တက်ဆုရိုတိုင်ရာကို နောက်ဆုံးအချီတွင် အနိုင်ယူပြီး UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဂျိုရှုအာဗန် ကာကွယ်

News Image

  • ပြိုင်ဘက် တက်ဆုရိုတိုင်ရာကို နောက်ဆုံးအချီတွင် အနိုင်ယူပြီး UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဂျိုရှုအာဗန် ကာကွယ်

ရန်ကုန်     မေ     ၁၀

UFC 328 ပြိုင်ပွဲကို မြန်မာစံတော်ချိန် မေ ၁၀ရက်  နံနက်ပိုင်းက  အမေရိကန်နိုင်ငံ၌ ကျင်းပရာ မြန်မာဖိုက်တာ ဂျိုရှုအာဗန်သည် ပြိုင်ဘက်ဖြစ်သူ ဂျပန်ဖိုက်တာ တက်ဆုရိုတိုင်ရာကို နောက်ဆုံးအချီတွင် အနိုင်ယူပြီး  UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့သည်။

မြန်မာဖိုက်တာ ဂျိုရှုအာဗန်သည် UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုနှင့် ထိုက်တန်ကြောင်း ယခုပွဲတွင် သက်သေပြနိုင်ခဲ့ပြီး  ပွဲကြိုပြင်ဆင်မှု ကောင်းမွန်ခြင်း၊ ပွဲအတွင်း နည်းဗျူဟာကောင်းမွန်မှုများက ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်စေခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအကြို အလေးပေးမှုတွင် ပြိုင်ဘက်ထက်လျော့နည်းခဲ့သည့် ဂျိုရှုအာဗန်သည် ထိုက်ထိုက်တန်တန် နိုင်ပွဲရယူနိုင်ခဲ့ပြီး ကမ္ဘာ့ချန်ပီယံခါးပတ်နှင့် ထိုက်တန်ကြောင်း ကမ္ဘာတစ်ဝန်းလုံးကို ယုံကြည်စေခဲ့သည်။ ဒီဇင်ဘာ ၆ ရက်က ထိုးသတ်သည့် ကမ္ဘာ့ချန်ပီယံလုပွဲတွင် ပြိုင်ဘက်ဖြစ်သူ ပန်တိုဂျာ ဒဏ်ရာရသွားပြီး ပွဲအစပိုင်းမှာပင် အရေးနိမ့်ခဲ့သဖြင့် ဂျိုရှုအာဗန်၏ ကမ္ဘာ့ချန်ပီယံဖြစ်မှုအပေါ် ဝေဖန်မှုများ၊ စိတ်မကျေမှုများ ရှိခဲ့သော်လည်း ဂျိုရှုအာဗန်က အလုပ်နှင့် သက်သေပြကာ ဝေဖန်မှုများအား တိတ်ဆိတ်စေခဲ့သည်။

ချုပ်ကွက်အားသာသည့် တက်ဆုရိုတိုင်ရာသည် ပွဲအစကတည်းက ချုပ်ကွက်ကိုသာ အားပြုခဲ့သည်။ ဂျိုရှုအာဗန်သည် ပွဲကြိုသေချာပြင်ဆင်ထားကြောင်း ပေါ်လွင်ခဲ့ပြီး ချုပ်ကွက်အားသာသည့်   တိုင်ရာ၏ ချုပ်ကွက်မှ  အကြိမ်ကြိမ်ရုန်းထွက်ပြခဲ့သည်။

ပထမနှင့် ဒုတိယအချီတွင် တိုင်ရာက ချုပ်ကွက်ဖြင့် ပွဲသိမ်းနိုင်ရန် ကြိုးပမ်းသော်လည်း ရုန်းထွက်နိုင်ခဲ့သည့် ဂျိုရှုအာဗန်သည် တတိယအချီမှစတင်ကာ ပြိုင်ဘက်ကို တိုက်စစ်ဖွင့် ထိုးခဲ့ သည်။ Stand Fight တွင်  မယှဉ်နိုင်သည့်  တိုင်ရာသည် ဂျိုရှုအာဗန်၏ လက်သီးချက် အကြိမ်ကြိမ် မိပြီး မျက်နှာတစ်ခုလုံး ဖူးယောင်ခဲ့သည်။ စတုတ္ထအချီကတည်းက အထိနာနေသည့် တိုင်ရာသည် နောက်ဆုံးအချီတွင် ဘာမျှလုပ်မပြနိုင်ဘဲ ဂျိုရှုအာဗန်၏ လက်သီးချက်များ အကြိမ်ကြိမ်ထပ်ထိကာ ၁ မိနစ် ၃၂ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။

ဂျိုရှုအာဗန်သည် နောက်ဆုံး ခုနစ်ပွဲဆက်တိုက် အနိုင်ရလဒ်နှင့် ပထမဆုံးကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲတွင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် ပရော်ဖက်ရှင်နယ်  MMA  ကစားသမားဘဝ  ၁၉ ပွဲမြောက်  ထိုးသတ်ရာတွင်  ၁၇ ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပြီး UFC နှင့် ၁၁ ပွဲ ထိုးသတ်ရာတွင် ၁၀ ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - UFC

MDN