အာရှဖလား ယူ-၁၇ ပြိုင်ပွဲတွင် မြန်မာ ယူ-၁၇ အသင်း နှစ်ပွဲဆက်ရှုံးပြီး အုပ်စုအဆင့်မှထွက်ခဲ့ရ

News Image

  • အာရှဖလား ယူ-၁၇ ပြိုင်ပွဲတွင် မြန်မာ ယူ-၁၇ အသင်း နှစ်ပွဲဆက်ရှုံးပြီး အုပ်စုအဆင့်မှထွက်ခဲ့ရ

ရန်ကုန်     မေ     ၁၀

၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ အုပ်စု (A) ဒုတိယနေ့ကို  မေ ၉ ရက်  ညပိုင်းက  ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် တာဂျစ်ကစ္စတန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ပြီး အုပ်စုအဆင့်မှ စောစီးစွာ ထွက်ခဲ့ရသည်။

မြန်မာ ယူ-၁၇ အသင်းသည် အုပ်စုအဖွင့်ပွဲတွင် အိမ်ရှင်ဆော်ဒီအာရေဗျအသင်းကို ဂိုးပြတ်အရေးနိမ့်ထားသဖြင့်  ယခုပွဲအနိုင်ရမှ  နောက်တစ်ဆင့် တက်ရောက်ရန်   ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်သော်လည်း   ပထမပိုင်းတွင် ပေးလိုက်ရသည့်တစ်ဂိုးတည်းဖြင့် အရေးနိမ့်ကာ နောက်ဆုံးပွဲမတိုင်မီ အုပ်စုအဆင့်မှထွက်ရန် သေချာခဲ့သည်။  မြန်မာ ယူ-၁၇ အသင်းသည် အာရှဖလား ခြေစစ်ပွဲတွင် ကစားခဲ့သည့် ခြေစွမ်းမျိုး ယခုအချိန်ထိ ပြန်မရသေးသလို   တိုက်စစ်ပိုင်းအားနည်းချက်များကြောင့် နှစ်ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးကာ ရှုံးပွဲဆက် ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အနည်းငယ်ပြောင်းလဲခဲ့ပြီး ထက်ဝေယံ(ဂိုး)၊ မြင့်မြတ် ကိုကို၊   မျိုးခန့်ကျော်၊  အောင်သီဟ၊  လင်းရောင်၊ ဟန်ထူးလွင်၊ အောင်မြတ်သာ၊ ချန်လိန်တန်း၊ ဝင်းဇော်၊ မြတ်မင်းသူ၊ ညီညီသန့်တို့ကို အသုံးပြုခဲ့သည်။ မြန်မာအသင်းသည် ခြေစွမ်းအရ တစ်ဖက်သတ်မဖြစ်ဘဲ တာဂျစ်ကစ္စတန်အသင်းကို အပြန်အလှန်ကစားနိုင်သော်လည်း တိုက်စစ်ပိုင်းအဆုံးသတ်ဇုန်တွင် အလုပ်မဖြစ်သဖြင့် ထိရောက်သည့်ဂိုးသွင်းခွင့်အနည်းငယ်သာရခဲ့ခြင်းဖြစ်သည်။  ခြေစစ်ပွဲတွင်  အလုပ်ဖြစ်ခဲ့သည့် Set-pieces များမှာလည်း ယခုပြိုင်ပွဲတွင် ထိရောက်မှုမရှိသဖြင့် ဂိုးမရခဲ့ခြင်းဖြစ်သည်။ တာဂျစ် ကစ္စတန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၂၈ မိနစ်တွင် မက်တူမော့ဗ်က သွင်းယူခဲ့သည်။

အုပ်စု (A) အခြားပွဲတွင် အိမ်ရှင်ဆော်ဒီအာရေဗျ အသင်းက ထိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။  နှစ်ပွဲစီကစားအပြီး  အုပ်စု(A)တွင်  ခြောက်မှတ်ရထားသည့် ဆော်ဒီအာရေဗျအသင်းနှင့် တာဂျစ်ကစ္စတန်အသင်းတို့မှာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။ အမှတ်မရသေးသည့် ထိုင်း အသင်းနှင့်  မြန်မာအသင်းတို့မှာ  အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။  မြန်မာ ယူ-၁၇  အသင်း၏ ပထမဆုံး ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်  မျှော်လင့်ချက်လည်း အဆုံးသတ်ခဲ့ရသည်။  မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် မေ ၁၂  ရက် မြန်မာစံတော်ချိန် ည  ၁၁  နာရီခွဲတွင်  ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။                     

သတင်း - ကိုညီလေး

ဓာတ်ပုံ - MFF

MDN