ဘန်ကောက် ရထားတိုက်မှုဖြစ်စဉ်၌ ကုန်တင်ရထားမောင်းသူသည် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်းတွေ့ရှိရပြီး လိုင်စင်လည်းမရှိကြောင်း ဆို

News Image

  • ဘန်ကောက် ရထားတိုက်မှုဖြစ်စဉ်၌ ကုန်တင်ရထားမောင်းသူသည် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်းတွေ့ရှိရပြီး လိုင်စင်လည်းမရှိကြောင်း ဆို

ပြီးခဲ့သည့် စနေနေ့ (မေ ၁၆) က ဘန်ကောက်မြို့ရှိ ယာဉ်ကြော ပိတ်ဆို့နေသော မီးရထားသံလမ်းကူးတစ်ခုတွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီးနှင့် အခြားမော်တော်ယာဉ်များကိုဝင်တိုက်ခဲ့သည့် ကုန်တင်ရထားမောင်းသူသည် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ၎င်း၌ မီးရထားမောင်းနှင်ခွင့်လိုင်စင်လည်း မရှိကြောင်း ရထားပို့ဆောင်ရေးဆိုင်ရာ အကြီးအကဲက ပြောကြားခဲ့သည်။

ရထားပို့ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပီချတ် ကူနာဓမ္မရတ် (Pichet Kunadhamraks) က အဆိုပါစွပ်စွဲချက်ကို တနင်္ဂနွေနေ့ (မေ ၁၇) ညပိုင်းတွင် အွန်လိုင်းမှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ လေမ်ချာဘန်း (Laem Chabang) မှ ဘန်စူး (Bang Sue) သို့ မောင်းနှင်သည့် ကုန်တင်ရထားအမှတ် ၂၁၂၆ ၏ ရထားမောင်းသူ စယွန်ပွန် ဆွန်ကူလ် (Sayomporn Suankul) အား ဆီးစစ်ဆေးမှုပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း ရဲတပ်ဖွဲ့ကအစီရင်ခံတင်ပြခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် စယွန်ပွန်တွင် ရထားပို့ဆောင်ရေးဦးစီးဌာနက ထုတ်ပေးထားသော ရထားမောင်းနှင်ခွင့်လိုင်စင် မရှိကြောင်းလည်း ပီချတ်က ဆိုသည်။ လက်ရှိတွင် ပီချတ်သည် ရထားလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် ဌာနတွင်းဝန်ထမ်းအားလုံးကို အရက်နှင့် မူးယစ်ဆေးဝါးစစ်ဆေးမှုများပြုလုပ်ရန် အမိန့်ပေးထားသည်။ ၎င်းအပြင် စနေနေ့ (မေ ၁၆) မွန်းလွဲပိုင်းက ဘန်ကောက်မြို့၊ ဟွေခွမ် (Huai Khwang) ခရိုင်၊ အာဆက်-ဒင်ဒန်း (Asok-Din Daeng) လမ်းပေါ်တွင် လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် အဆိုပါရထားတိုက်မှုအတွင်း အသက် ၄၆ နှစ်အရွယ် စယွန်ပွန် အား ရထားမောင်းနှင်ခွင့်ပြုခဲ့သည့် မီးရထားကြီးကြပ်ရေးမှူးများကို စုံစမ်းစစ်ဆေးရန်လည်း ၎င်းက ညွှန်ကြားထားသည်။

စယွန်ပွန်ကို လက်ရှိတွင် တာဝန်မှရပ်ဆိုင်းထားပြီး ဥပဒေအရ အရေးယူမှုများအပြင် ပြင်းထန်သော စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်ဒဏ်များကိုပါ ရင်ဆိုင်ရမည်ဖြစ်သည်။

ဘန်ကောက်ရဲတပ်ဖွဲ့ဌာနချုပ် ရဲဒုတိယဗိုလ်ချုပ်ကြီး စယမ် ဘွန်ဆွန် (Pol Lt Gen Sayam Boonsom) က ရထားမောင်းသူအား လူသေဆုံးမှု နှင့် ပြင်းထန်ဒဏ်ရာရရှိမှု ဖြစ်စေသည့် ပေါ့ဆစွာမောင်းနှင်မှုဖြင့် ကနဦး တရားစွဲဆိုထားကြောင်း ပြောကြားခဲ့သည်။ မီးရထားသံလမ်းကူးပေါ်တွင် ရပ်တန့်ခဲ့သည့် ဘတ်စ်ကားမောင်းသူသည်လည်း အလားတူစွဲချက်ဖြင့် ရင်ဆိုင်နေရသည်။ အဆိုပါ ရထားတိုက်မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ရဲဒုတိယဗိုလ်ချုပ်ကြီး စယမ်၏ ပြောကြားချက်အရ ရှေ့တွင်ယာဉ်ကြော ပိတ်ဆို့မှုများရှိနေသဖြင့် ရထားကိုရပ်တန့်ရန် သံလမ်းကူးတာဝန်ကျ ဒေသခံဝန်ထမ်းက အနီရောင်အလံပြသ၍ သတိပေးခဲ့သော်လည်း ရထားမှာ အရှိန်လျှော့ခြင်း သို့မဟုတ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ခဲ့ကြောင်း သိရှိရသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး