ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် ကြင်ရာတော် မာဆာကိုတို့က ဖိလစ်ပိုင်သမ္မတနှင့် ဇနီးတို့အား ဂျပန်ဘုရင့်နန်းတော်တွင် လက်ခံကြိုဆို

News Image

  • ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် ကြင်ရာတော် မာဆာကိုတို့က ဖိလစ်ပိုင်သမ္မတနှင့် ဇနီးတို့အား ဂျပန်ဘုရင့်နန်းတော်တွင် လက်ခံကြိုဆို

တိုကျို မေ ၂၇

ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် ကြင်ရာတော် မာဆာကိုတို့က ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနှင့် ဇနီးတို့အား တိုကျိုမြို့တော်ရှိ ဂျပန်ဘုရင့်နန်းတော်တွင် လက်ခံကြိုဆိုကြသည်။

ယခုနှစ်သည် ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ခဲ့သည့် နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ ဖိလစ်ပိုင် သမ္မတဇနီးမောင်နှံသည် ဂျပန်နိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီး ရောက်ရှိနေကြပြီး ၎င်းတို့ နှစ်ဦးသည် မေ ၂၇ ရက် နံနက်ပိုင်းတွင် နန်းတော်သို့ ရောက်ရှိခဲ့ကြသည်။

ဂျပန်ဧကရာဇ်က အိမ်ရှေ့မင်းသား ဖူမီဟီတို နှင့် မင်းသမီး အာကီရှီနိုတို့ကို ဝန်ကြီးချုပ် တာကာချီ ဆာနေးနှင့် မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် နန်းတော်ဥယျာဉ်၌ ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနား ကို ကျင်းပသည်။

နှစ်နိုင်ငံ နိုင်ငံတော်သီချင်း တီးမှုတ်ပြီးနောက် သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး ဖိလစ်ပိုင်ရိုးရာ တေးဂီတကိုလည်း ဖျော်ဖြေတင်ဆက်ခဲ့သည်။

ဂျပန်ဧကရာဇ်နှင့် ကြင်ရာတော်တို့ တည်ခင်းဧည့်ခံသည့် ညစာစားပွဲကို နန်းတော်၌ ကျင်းပရန် စီစဉ်ထားသည်။ အိမ်ရှေ့မင်းသား ဖူမီဟီတိုနှင့် မင်းသမီး အာကီရှီနိုတို့၏ သားတော် မင်းသား ဟီဆာဟီတိုလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

MDN