ထိုင်းနှင့် ဗီယက်နမ် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများတားဆီးရန် ပူးပေါင်းဆောင်ရွက်မှုအပေါ် သဘောတူ
ဘန်ကောက် မေ ၂၈
ထိုင်းဝန်ကြီးချုပ် အနုတင် ချာဝီရာကူးလ်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် နိုင်ငံတော်သမ္မတ တိုလမ်တို့ ဘန်ကောက်မြို့၌ ယနေ့တွေ့ဆုံခဲ့သည်။
နှစ်နိုင်ငံလုံခြုံရေးနှင့် စီးပွားရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။ ထို့ပြင် အွန်လိုင်းလိမ်လည်မှုများကဲ့သို့သော နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တားဆီးရန် ပူးပေါင်းဆောင်ရွက်မှုနှင့် ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်လည်း ၎င်းတို့က သဘောတူညီခဲ့ကြသည်။
နှစ်နိုင်ငံစလုံးက အရှေ့အလယ်ပိုင်းမှ ရေနံတင်သွင်းမှုအပေါ် မှီခိုအားထားရသည့် စွမ်းအင်လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ခေါင်းဆောင်များက ဆွေးနွေးခဲ့သည်။
လက်ရှိ ကမ္ဘာ့စီးပွားရေးအခြေအနေ မတည်ငြိမ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ထိုင်းနှင့် ဗီယက်နမ် တို့ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင်က ပြောကြားသည်။
ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတားဆီးရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် နိုင်ငံတော်သမ္မတ တိုလမ်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြား လေကြောင်း လမ်းကြောင်းသစ်များ ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က ဗီယက်နမ်လေကြောင်းလိုင်းနှင့် နှစ်နိုင်ငံခရီးသွားကဏ္ဍမြှင့်တင်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်ခဲ့ပြီး အရှေ့တောင်အာရှ၏ ခရီးသွားလုပ်ငန်းများ အပြင်းအထန်ထိခိုက်ခဲ့သည်။ အထူးသဖြင့် အမေရိကန်နှင့် ဥရောပမှ ခရီးသွားဦးရေကျဆင်းလာခြင်းကြောင့် အရှေ့တောင်အာရှလေကြောင်းလိုင်းများအပေါ် သက်ရောက်မှုအများအပြားရှိခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
MDN
