၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း မိုဒရစ် အတည်ပြုကြေညာ

News Image

  • ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း မိုဒရစ် အတည်ပြုကြေညာ

ဇာဂရက်    မေ    ၃၀

      ခရိုအေးရှားအသင်း ဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ်က     ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ  အနားယူမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

အသက်  ၄၀  အရွယ် မိုဒရစ်သည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၀၅ ခုနှစ်က ခရိုအေးရှားကလပ်  ဒိုင်နမိုဇာဂရက်အသင်းနှင့် စတင်ခဲ့ပြီး  ၂၀၀၈ ခုနှစ်က စပါးအသင်းသို့    ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။

မိုဒရစ်သည်    စပါးအသင်း၌    အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီးနောက်   ၂၀၁၂  ခုနှစ်က  ရီးယဲလ် မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ပြီး  ၎င်း၏ပရော်ဖက် ရှင်နယ်ကစားသမားဘဝတွင်  ဆုဖလားများစွာနှင့် အောင်မြင်မှုများဆွတ်ခူးနိုင်ခဲ့သည်။

မိုဒရစ်သည် ရီးယဲလ်မက်ဒရစ်အသင်း၌ ဆယ်စုနှစ်တစ်ခုကြာ ကစားခဲ့ပြီးနောက်   စပိန်လာလီဂါဖလားလေးကြိမ်၊ စပိန်ကိုပါဒယ်ရေးဖလား နှစ်ကြိမ်၊ စပိန်စူပါဖလား ငါးကြိမ်၊ ချန်ပီယံလိဂ်ဖလား ခြောက်ကြိမ်၊ ဥရောပစူပါဖလား    ငါးကြိမ်၊     ကလပ်ကမ္ဘာ့ဖလား ငါးကြိမ်ဆွတ်ခူးနိုင်သည့်အပြင် ၂၀၁၈ ခုနှစ်ကလည်း  မက်ဆီနှင့်   စီရော်နယ်ဒိုတို့အားကျော်ဖြတ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို  ဆွတ်ခူးနိုင်သည်အထိ အောင်မြင်မှုများ ရယူနိုင်ခဲ့သည့်ကစားသမား တစ်ဦးဖြစ်သည်။

မိုဒရစ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ကာလရှည်ကစားခဲ့ကာ ပြိုင်ပွဲစုံ ပွဲပေါင်း ၅၉၇ ပွဲအထိ ပါဝင်ကစားခဲ့ပြီး  ၄၃ ဂိုးသွင်းယူနိုင်ကာ  ပြီးခဲ့သည့် ဘောလုံးရာသီက အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ထွက်ခွာခဲ့သူဖြစ်သည်။

မိုဒရစ်သည် ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာပြီး   အေစီမီလန်အသင်းသို့   ပြောင်းရွှေ့ကစားခဲ့ကာ ယခုဘောလုံးရာသီအကုန်က     အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက်    ၂၀၂၆   ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှအနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မိုဒရစ်သည် ခရိုအေးရှား အသင်းနှင့်လည်း ၂၀၀၆ ခုနှစ်မှစတင်၍ ပြိုင်ပွဲစုံ ၁၉၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၂၈ ဂိုးသွင်းယူနိုင်ကာ အသင်း၌ ပွဲအရေအတွက် အများဆုံးကစားထားသည့်   ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ကြောင်း သိရသည်။

MWD