ဆုတောင်းပြည့်ဇိနမာရ်အောင်စေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ
ရန်ကုန် မေ ၃၀
ဆုတောင်းပြည့်ဇိနမာရ်အောင်စေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ အဆိုပါစေတီတော်၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာ နာယကဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ သန်လျင်မင်းကျောင်း ဆရာတော်ထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသော ပရိတ်တရားတော်များ နာယူကြကာ ဘုရားဒါယကာ၊ ဒါယိကာမများက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို သံဃာတော်အရှင် သူမြတ်များထံ ဆက်ကပ်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အလှူရှင်များက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို စေတီတော်အား လက်ယာရစ်ပင့်ဆောင်၍ မင်္ဂလာရထားပျံမဏ္ဍပ်သို့ ပို့ဆောင်ပူဇော်ကြပြီး စေတီတော်အထွတ်၌ တင်လှူပူဇော်ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)
MDN
