မိုးနဲမြို့ ကင်တုံမွေတော်စေတီ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တင်လှူ
မိုးနဲ မေ ၃၀
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့နယ် ကင်တုံကျေးရွာရှိ ကင်တုံမွေတော်စေတီ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တင်လှူပွဲကို ယနေ့ နံနက် ၇ နာရီတွင် အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ဦးစွာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ဟောကြားတော်မူသော အနုမောဒနာတရားကို နာယူတော်မူကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ အလှူရှင်များနှင့် ထီးတော်တင်အဖွဲ့များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့ကို ပင့်ဆောင်ခဲ့သည်။
ထို့နောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့အား စေတီတော်အထွတ်သို့ မင်္ဂလာပန်းရထားဖြင့်ပင့်ဆောင်ခဲ့ပြီး သီပေါမြို့ ဘော်ကျိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဒေဝိန္ဒ၊ မြို့နယ်သြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ထီးတော်ဘုံအဆင့်ဆင့်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့ကို တင်လှူပူဇော်ခြင်းနှင့် အမွှေးနံ့သာများပက်ဖျန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)
MDN
