လက်ဘနွန်နိုင်ငံအတွင်းသို့ အစ္စရေး၏ ကျယ်ကျယ်ပြန့်ပြန့် မြေပြင်ကျူးကျော်ဝင်ရောက်မှုအပေါ် ကူဝိတ်နိုင်ငံက ပြစ်တင်ရှုတ်ချ

News Image

  • လက်ဘနွန်နိုင်ငံအတွင်းသို့ အစ္စရေး၏ ကျယ်ကျယ်ပြန့်ပြန့် မြေပြင်ကျူးကျော်ဝင်ရောက်မှုအပေါ် ကူဝိတ်နိုင်ငံက ပြစ်တင်ရှုတ်ချ

လက်ဘနွန်နိုင်ငံအတွင်း အစ္စရေးတပ်ဖွဲ့များ၏ အရှိန်အဟုန်မြှင့်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားလိုက်သည်။

ကူဝိတ်ဝန်ကြီးဌာနက “လက်ဘနွန်နိုင်ငံ၏ ညီညွတ်မှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့အပေါ် ကူဝိတ်နိုင်ငံ၏ ခိုင်မာပြတ်သားပြီး ထောက်ခံအားပေးသည့် ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုကြောင်း၊ ယခုကဲ့သို့ အရှိန်အဟုန်မြှင့်တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ရန်၊ အစ္စရေးကျူးကျော်သူတပ်ဖွဲ့များ လက်ဘနွန်နယ်နိမိတ်အားလုံးမှ ပြန်လည်ဆုတ်ခွာရန်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ (Resolution 1701) အပါအဝင် အခြားသက်ဆိုင်ရာ နိုင်ငံတကာဆုံးဖြတ်ချက်များအားလုံးကို အပြည့်အဝလိုက်နာဆောင်ရွက်ရန် တောင်းဆိုကြောင်း” ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပြီး နိုင်ငံတကာမိသားစုနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) အနေဖြင့် ယခုကဲ့သို့ချိုးဖောက်မှုများကို တားဆီးရန်အတွက် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရမည်ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ၎င်းတို့၏ ဆီရစ်ကျွန်း (Sirik Island) အား တိုက်ခိုက်ရာတွင်အသုံးပြုခဲ့သည်ဟု စွပ်စွဲထားသောစစ်စခန်းတစ်ခုကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ကူဝိတ်နိုင်ငံဘက်ကလည်း ဒုံးကျည်နှင့် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုများရှိခဲ့ကြောင်း သတင်းထုတ်ပြန်ပြီး မကြာမီအချိန်အတွင်းမှာပင် ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုးကား- Al Jazeera

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး