အီရန်နှင့်ဖြစ်ပွားသည့် စစ်ပွဲကြောင့် သမ္မတ ထရမ့် နှစ်ပါတီစလုံး၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ

News Image

  • အီရန်နှင့်ဖြစ်ပွားသည့် စစ်ပွဲကြောင့် သမ္မတ ထရမ့် နှစ်ပါတီစလုံး၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ

နိုင်ငံတကာမူဝါဒဗဟိုဌာန (Center for International Policy) ၏ အကြီးတန်းသုတေသီ နီဂါ မော်တာဇာဗီ (Negar Mortazavi) ၏ ပြောကြားချက်အရ အီရန်နှင့်ဖြစ်ပွားလျက်ရှိသော စစ်ပွဲကြောင့် သမ္မတ ထရမ့်သည် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီ နှစ်ခုစလုံးမှ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

"ပါတီနှစ်ခုစလုံးရဲ့ အတွင်းပိုင်းမှာ သဘောထားကွဲလွဲမှုတွေ ရှိနေ ပါတယ်" ဟု မော်တာဇာဗီက Al Jazeera သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "ဒီမိုကရက်ပါတီအတွင်းရှိ အလယ်အလတ် ဝါဒီများနှင့် လက်ယာယိမ်းသူများက အီရန်သည် ပိုမိုအင်အားတောင့်တင်းလာပြီး အမေရိကန်မှာမူ ပိုမိုအားနည်းသွားကြောင်း ဝေဖန်ထောက်ပြနေကြသကဲ့သို့ ရီပတ်ဘလစ်ကန်ပါတီအတွင်းရှိ America First အစုအဖွဲ့များကြားတွင်လည်း ဝေဖန်မှုများ ရှိနေသည်" ဟု ဆိုသည်။

အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ရေးစွန့်စားမှုများကို ဆန့်ကျင်သည့် ပုံရိပ်ဖြင့် လူထုထောက်ခံမှုတည်ဆောက်ခဲ့သော သမ္မတတစ်ဦးအတွက် အီရန်နှင့်စစ်ပွဲဖြစ်ပွားခြင်းမှာ အလွန်ကြီးမားသော ကွဲလွဲချက်တစ်ခုဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

"အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် သမ္မတတိုင်းသည် အရှေ့အလယ်ပိုင်းဒေသရှိ အဆုံးမသတ်နိုင်သောစစ်ပွဲများကို အဆုံးသတ်မည်ဟု ကြွေးကြော်ကာ မဲဆွယ်ခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိ သမ္မတသည်လည်း ၎င်းတို့အနက် အပါအဝင်ဖြစ်ပြီး နှစ်ကြိမ်တိုင်တိုင် ထိုသို့ မဲဆွယ်ခဲ့သည်။ ၎င်းက ထိုစစ်ပွဲများကို အဓိပ္ပာယ်မဲ့ပြီး မိုက်မဲသော စစ်ပွဲများဟု ခေါ်ဆိုခဲ့ကာ မိမိကိုယ်ကိုယ် 'ငြိမ်းချမ်းရေးသမ္မတ' ဟု တင်စားခဲ့သော်လည်း နောက်ဆုံးတွင်မူ ၎င်းကိုယ်တိုင်ပင် စစ်ပွဲကို ဆင်နွှဲခဲ့သည်" ဟု မော်တာဇာဗီက ထောက်ပြခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အဆိုပြုတင်ပြခဲ့သော အီရန်အား တိုက်ခိုက်မည့် အစီအစဉ်ကို ထရမ့်မတိုင်မီတက်ခဲ့သည့် အမေရိကန် သမ္မတတိုင်းက ပယ်ချခဲ့ကြကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

"အီရန်သည် လွယ်လွယ်ကူကူ နှိမ်နင်း၍ရမည့် နိုင်ငံမျိုးမဟုတ်သကဲ့သို့ 'စက္ကူကျား' လည်း မဟုတ်ကြောင်း၊ အမေရိကန်အနေဖြင့် ပြန်လည်တိုက်ခိုက်ခံရမည်ကို လူတိုင်းက သဘောပေါက်နားလည်ထားကြသည့်အတွက် မည်သည့်သမ္မတကမျှ ထိုအစီအစဉ်ကို လက်မခံခဲ့ကြခြင်း ဖြစ်သည်" ဟု ဆိုသည်။

“သို့သော် ယခုအခါတွင်မူ ‘ငြိမ်းချမ်းရေးသမ္မတ’ သည် ‘စစ်ပွဲ၏သမ္မတ’ ဖြစ်လာခဲ့ပြီး မိမိကိုယ်တိုင် မှားယွင်းလုပ်ဆောင်မိသည့် အမှားများစွာ နှင့်အတူ ရုန်းမထွက်နိုင်သော ရွှံ့နွံအတွင်း ပိတ်မိနေခဲ့ပြီဖြစ်သည်။ မည်သည့်အောင်မြင်မှုမျှ မရရှိခဲ့သည့်အပြင် ပြဿနာအသစ်များကိုသာ ဖန်တီးမိခဲ့သဖြင့် ယခုအခါ အတိုက်အခံပါတီထံမှသာမက မိမိပါတီထံမှပါ ဝေဖန်မှုများကို ရင်ဆိုင်နေရခြင်း ဖြစ်သည်" ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ကိုးကား- Al Jazeera

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး