ဝါရှင်တန်၏ အပစ်အခတ်ရပ်စဲရေး လမ်းပြမြေပုံအပေါ် ဟစ်ဇဘိုလာ အဖွဲ့က တစ်ဖတ်သတ်ဆန်ဟုဆိုကာ ငြင်းပယ်
အမေရိကန်က တင်ပြလာသည့် လက်ဘနွန်နိုင်ငံအတွင်း စစ်ရှိန်လျှော့ချရေးနှင့် စစ်ပွဲလုံးဝရပ်တန့်ရေးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လမ်းပြမြေပုံသစ်ကိုဟစ်ဇဘိုလာအဖွဲ့က ‘တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေး’ ဖြစ်သည် ဟုဆိုကာ လက်ခံရန်ငြင်းဆန်လိုက်ကြောင်း သိရှိရသည်။
အဆိုပါ အမေရိကန်၏အဆိုပြုချက်တွင် ဟစ်ဇဘိုလာအဖွဲ့အနေဖြင့် ၎င်းတို့၏ တိုက်ခိုက်မှုအားလုံးကို ဦးစွာရပ်တန့်ရန် တောင်းဆိုထားပြီး အကယ်၍ ငြင်းပယ်ပါက အစ္စရေးအနေဖြင့် ဘေရွတ်မြို့တော်အတွင်း စစ်ရှိန်မြှင့်တင်ဗုံးကြဲမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟူသော သွယ်ဝိုက်သည့် ခြိမ်းခြောက်မှုပါဝင်နေသည်။ ယခင် ဧပြီလလယ်က ရရှိခဲ့သော ယာယီအပစ်ရပ်စဲမှုတွင် ဘေရွတ်တောင်ပိုင်း၌ ဗုံးကြဲမှုများ ရပ်တန့်ခဲ့သော်လည်း လက်ဘနွန်တောင်ပိုင်းတွင်မူ တိုက်ပွဲများ ဆက်လက် ပြင်းထန်ခဲ့သဖြင့် ဟစ်ဇဘိုလာအဖွဲ့အနေဖြင့် ယခုကဲ့သို့ စစ်ပွဲနယ်မြေ ခွဲခြားသည့် သဘောတူညီချက်မျိုးကို သံသယရှိနေကြခြင်းဖြစ်သည်။
ဟစ်ဇဘိုလာအဖွဲ့နှင့် ရင်းနှီးသောဆက်ဆံရေးရှိသည့် လက်ဘနွန်လွှတ်တော် ဥက္ကဋ္ဌ နာဘီ ဘာရီ (Nabih Berri) က ဟစ်ဇဘိုလာအနေဖြင့် ချက်ချင်း နှင့် ဘက်စုံအပြည့်အဝ အပစ်ရပ်စဲရန် အာမခံနိုင်သော်လည်း အစ္စရေး ဘက်က တိုက်ခိုက်မှုများရပ်တန့်မည်ကို မည်သူက အာမခံပေးမည်နည်း ဟု မေးခွန်းထုတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးဘက်က အပစ်အခတ်ရပ်စဲရေးကို လက်ခံရာတွင် ၎င်းတို့အတွက် ခြိမ်းခြောက်မှု ရှိသည်ဟု ယူဆပါက မည်သည့်အချိန်တွင်မဆို စိတ်ကြိုက်ဝင်ရောက်တိုက်ခိုက်ပိုင်ခွင့် (သို့မဟုတ်) ပြန်လည်တုံ့ပြန်ခွင့်ရှိရမည်ဟူသော စည်းကမ်းချက်ကို ထည့်သွင်းလိုခြင်းကြောင့်ဖြစ်သည်။
ဟစ်ဇဘိုလာအဖွဲ့ကမူ အစ္စရေးအား စိတ်ကြိုက်ဗုံးကြဲခွင့်ပေးထားမည့် အဆိုပါသဘောတူညီချက်သည် အပစ်ရပ်စဲရေးမဟုတ်ဘဲ စည်းကမ်းချက်ပါသော လက်နက်ချခိုင်းမှုသာဖြစ်သဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကို လုံးဝလက်ခံမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်ထားသောကြောင့် လက်ရှိ သံတမန်ရေးရာ ဆွေးနွေးမှုများမှာ အကျပ်အတည်း ဖြစ်ပေါ်လျက်ရှိသည်။
ကိုးကား- Al Jazeera
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
