အစ္စရေးနှင့် လက်ဘနွန်အကြား အပစ်အခတ်ရပ်စဲရေးအပေါ် နားလည်သဘောပေါက်မှုကွဲလွဲနေ
လက်ဘနွန်-အမေရိကန် တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးပါမောက္ခ အီမတ် ဆာလာမေက အစ္စရေးနှင့် လက်ဘနွန်တို့အကြား အပစ်အခတ် ရပ်စဲရေးအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် နားလည်သဘောပေါက်မှုများ လုံးဝကွဲပြားခြားနားနေကြောင်း ဆိုသည်။ အစ္စရေးဘက်က လက်ဘနွန် အာဏာပိုင်များကို ပစ်မှတ်မထားသရွေ့ လက်ဘနွန်တောင်ပိုင်းရှိ မြို့ရွာများကို ဆက်လက်ဖျက်ဆီးပိုင်ခွင့်နှင့် ဟစ်ဇဘိုလာတိုက်ခိုက်ရေးသမား များကို နိုင်ငံအတွင်းရှိ မည်သည့်နေရာတွင်မဆို ဆက်လက်နှိမ်နင်းပိုင်ခွင့်ရှိသည်ဟု ရှုမြင်ထားသည်။ အပြန်အလှန်အားဖြင့် လက်ဘနွန်အစိုးရကမူ လာမည့်ဆွေးနွေးပွဲများတွင် ပိုမိုကျယ်ပြန့်ပြည့်စုံသော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိရန် ကြိုးပမ်းသွားလိုနေသည်။
လက်ဘနွန်အာဏာပိုင်များသည် ယခုလုပ်ဆောင်နေသော စစ်ဆင်ရေးများကိုရပ်တန့်နိုင်ရန် တတ်နိုင်သမျှ တွန်းအားပေးလိုနေကြောင်း ပါမောက္ခ ဆာလာမေက Al Jazeera သတင်းဌာနသို့ ပြောကြားခဲ့သည်။ လက်ရှိတွင် နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ပိုမိုတိုးပွားလာခြင်းနှင့်အတူ ပြည်တွင်းရေးအခြေအနေအပေါ် ဖိအားများမြင့်တက်လာနေသောကြောင့် အဆိုပါဒုက္ခသည်များ နေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနိုင်ရေးကို လက်ဘနွန်အစိုးရက အလေးအနက် အကောင်အထည်ဖော်လိုကြောင်း သိရှိရသည်။
ကိုးကား- Al Jazeera
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
