သံတမန်ရေးရာ ကြိုးပမ်းမှုများ ဆက်လက်ရှိနေသော်လည်း အမေရိကန် နှင့် အီရန်နိုင်ငံတို့ကြား အပြန်အလှန် မယုံကြည်မှုများ ပိုမိုကြီးထွားလာနေ
ပြီးခဲ့သည့် ဧပြီလအတွင်းက အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့သော်လည်း အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန်တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ လွန်ခဲ့သည့်ရက်သတ္တပတ်ကုန်ပိုင်းက အမေရိကန်ဘက်မှ အီရန်၏ ရေဒါနှင့် ဒရုန်းစခန်းများနှင့်အတူ ကွတ်ရှမ် (Qeshm) ကျွန်းကို တိုက်ခိုက်ခဲ့ရာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း ကူဝိတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
"ဒီနေရာမှာ ထူးခြားထင်ရှားပြီး အရေးပါတဲ့အချက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နှစ်ဖက်စလုံးကြားဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ဖြစ်ရပ်တွေရဲ့ ပိုမိုကျယ်ပြန့်တဲ့ နောက်ခံအခြေအနေပဲဖြစ်ပါတယ်" ဟု တီဟီရန်မြို့မှ Al Jazeera သတင်းထောက် Almigdad Alruhaid က သတင်းပေးပို့ခဲ့သည်။
၎င်းက ဆက်လက်၍ "ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ အမေရိကန်ဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေသလို အာရေဗျပင်လယ်နဲ့ ပင်လယ်ကွေ့အတွင်း ရေကြောင်းကုန်သွယ်မှုသွားလာရေးကိုလည်း နှောင့်ယှက်ဖျက်ဆီးနေတယ်လို့ အီရန်ဘက်က အကြိမ်ကြိမ် စွပ်စွဲခဲ့ပါတယ်" ဟု ပြောကြားခဲ့ပြီး နောက်ကွယ်တွင် သံတမန်ရေးရာကြိုးပမ်းမှုများ ဆက်လက်ရှိနေသော်လည်း ယခုဖြစ်ရပ်များကြောင့် နှစ်ဖက်ကြားတွင် မယုံကြည်မှုများ ပိုမိုကြီးထွားလာရခြင်းဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
ကိုးကား- Al Jazeera
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
