နိုင်ငံတကာမှ မသိကျိုးကျွန်ပြုထားသော မြန်မာနိုင်ငံ၏အနောက်တံခါးဝက ARSA အဖွဲ့၏ အကြမ်း ဖက်လုပ်ရပ်များ
Posted_Date
Image
Body
နိုင်ငံတစ်နိုင်ငံလို့ ဆိုလိုက်တာနဲ့ အဲဒီနိုင်ငံရဲ့ အချုပ်အခြာအာဏာ (Sovereignty) နဲ့ နယ်မြေလုံခြုံရေးဆိုတာ အသက်တမျှအရေးကြီးပါတယ်။ ကမ္ဘာ့မြေပုံပေါ်က ဘယ်နိုင်ငံရဲ့ အစိုးရမဆို သူတို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရဲစခန်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်သမားတွေက ဝင်ရောက်စီးနင်းတိုက်ခိုက်လာရင် လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတကာဥပဒေအရရော နိုင်ငံတစ်နိုင်ငံရဲ့ ခုခံပိုင်ခွင့်အရပါ တရားဝင်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။
ဒီနေ့ ဆွေးနွေးချင်တာကတော့ ကမ္ဘာ့မီဒီယာတွေ မှာ ဝေဝေဆာဆာဖော်ပြနေကြတဲ့ လူ့အခွင့်အရေး ခေါင်းစဉ်အောက်က ဖုံးကွယ်ခံထားရတဲ့ ကြောက်စရာကောင်းတဲ့ အမှန်တရားတစ်ခုအကြောင်းပါ။ အဲဒါကတော့ မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါးပေါက်ဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသမှာ အမြစ်တွယ်နေတဲ့ ARSA (Arakan Rohingya Salvation Army) အကြမ်းဖက်အဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ သူတို့နောက်ကွယ်က နိုင်ငံရေးကစားကွက်နဲ့ မျောက်ပြဆန်တောင်းလုပ်ရပ်တွေအကြောင်းပဲ ဖြစ်ပါတယ်။
ARSA အဖွဲ့ကို မြန်မာနိုင်ငံအစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ကတည်းက အကြမ်းဖက်အဖွဲ့အဖြစ် ဥပဒေနဲ့အညီ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ယခုတစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ ICJ မှာ မြန်မာနဲ့ ဂမ်ဘီယာအမှုရဲ့ ပြဿနာအစ၊ အဓိကအရင်းအမြစ်ကတော့ ARSA ပဲဖြစ်ပါတယ်။ သူ့ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို တပ်မတော်က ROE နဲ့အညီ တုံ့ပြန်တိုက်ခိုက်ရာကနေ ဒီအမှုဟာ ၂၀၁၉ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။
အခုဆိုရင် ၂၀၂၆ ခုနှစ်ကို ရောက်ရှိလာပြီဖြစ်ပေမယ့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့ အမှုတွေက မပြီးပြတ်သေးပါဘူး။ မြန်မာနိုင်ငံက Genocide(လူမျိုးသုဉ်းသတ်ဖြတ်မှု)ကျူးလွန်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ဒီအမှုမှာ နိုင်ငံတကာက မြန်မာနိုင်ငံကို လူ့အခွင့်အရေးချိုးဖောက်သူအဖြစ် လက်ခံလာအောင်ပုံဖော်နေကြပေမယ့်တကယ့်လက်တွေ့မြေပြင်မှာ အကြမ်းဖက်ခံရသူတွေ၊ သတ်ဖြတ်ခံရသူတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရတာတွေရဲ့လက်သည်တရားခံဖြစ်တဲ့ ARSA (Arakan Rohingya Salvation Army) အစွန်းရောက် အကြမ်းဖက်အဖွဲ့ကြီးအကြောင်းကိုတော့တမင်သက်သက်မေ့လျော့ထားကြသလိုပါပဲ။ အထူးသဖြင့်ဂမ်ဘီယာနိုင်ငံ လျှောက်လဲချက်တွေမှာ ARSA အဖွဲ့ကိုမသိတဲ့ပုံစံမျိုးအထိ ဖုံးကွယ်နေတာ အံ့ဩဖွယ်ရာကြားသိရပါတယ်။
ARSA အဖွဲ့ဟာရိုးရိုးရှင်းရှင်းဒေသခံတွေ မကျေနပ်လို့ထကြွတဲ့အဖွဲ့လေးလို့ ထင်နေရင်တော့ အကြီးအကျယ်မှားသွားပါလိမ့်မယ်။သူတို့ရဲ့နောက်ကွယ်မှာ ခိုင်မာတဲ့ ဖွဲ့စည်းပုံ၊ နိုင်ငံတကာအစွန်းရောက်အဖွဲ့တွေရဲ့ အထောက်အပံ့နဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်တွေရှိနေပါတယ်။ နိုင်ငံတကာမီဒီယာအများစုက ARSA ကို “လွတ်မြောက်ရေး လှုပ်ရှားသူများ” အဖြစ် ပုံဖော်ချင်ကြပေမယ့် သူတို့ရဲ့ဇာစ်မြစ်ကိုလေ့လာကြည့်ရင် အစွန်းရောက်အကြမ်းဖက်ဝါဒနဲ့ဆက်နွှယ်နေတာကို တွေ့ရမှာပါ။ ARSA အဖွဲ့ (ယခင် Aqa Mul Mujahidin)ကို ဦးဆောင်နေသူ ကတော့ ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာ မွေးဖွားကာ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ကြီးပြင်းခဲ့ပြီးမြန်မာနိုင်ငံ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ်ကျေးရွာကို ပြောင်းရွှေ့နေခဲ့တဲ့ အသက် ၄၅ နှစ်အရွယ်အာတာအူလ္လာ (ခ) ဟာဘစ်တူဟာရ် (Hafiz Tohar) ဆိုသူဖြစ်ပါတယ်။
ဟာဘစ်တူဟာရ်ဟာ ပါကစ္စတန်အခြေစိုက် တာလီဘန်အကြမ်းဖက်အဖွဲ့မှာ ခြောက်လကြာ စစ်သင်တန်းတက်ခဲ့ဖူးသူတစ်ဦးပါ။ သူဟာ တစ်ဦးတည်းလှုပ်ရှားသူမဟုတ်ဘဲ ပါကစ္စတန်နိုင်ငံသား ခါလစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတာပါလောင်ဒုက္ခသည်စခန်းနေ အီဗရာဟိန်း၊ အဇာနှင့် အာရပ်တူလာ အပါအဝင် အမာခံ ၁၂ ဦးနဲ့ အုပ်စုဖွဲ့လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ RSO အကြမ်းဖက်အဖွဲ့နဲ့ဆက်နွှယ်ပြီး Aqa Mul Mujahidin အမည်နဲ့ မောင်တောဒေသမှာ အကြမ်းဖက်မှုတွေကို စတင်ပြုလုပ်ခဲ့တာပါ။ သူတို့အဖွဲ့ကို ဆော်ဒီအာရေဗျက ဘာသာရေးခေါင်းဆောင်တချို့က ငွေကြေးထောက်ပံ့ခဲ့ပြီး နိုင်ငံတကာအကြမ်းဖက်ကွန်ရက်တွေနဲ့လည်း ချိတ်ဆက်ထားပါတယ်။
ARSA အဖွဲ့ဟာ ရုတ်တရက်ပေါ်ပေါက်လာတဲ့ အဖွဲ့မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ် မူဂျာဟစ်သောင်းကျန်းသူတွေကနေ အစပြုလို့ RLP၊ RPF၊ RSO စသည်ဖြင့် အဆင့်ဆင့်အသွင်ပြောင်းလာခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ Aqa Mul Mujahidin (AMM) အမည်နဲ့ စတင်လှုပ်ရှားခဲ့ကာ နောက်ပိုင်းမှာ ARSA အဖြစ် အမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်က ရှင်းလင်းပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ဒေသတွေကို မြန်မာ့မြေပုံပေါ်ကနေ ဖဲ့ထုတ်ပြီး အာကစ္စတန် (Arkistan) ဆိုတဲ့ နိုင်ငံသစ်ထူထောင်ဖို့ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် သူတို့ဟာ ဆော်ဒီအာရေဗျ၊ ပါကစ္စတန်နိုင်ငံ စတဲ့နိုင်ငံတွေက အစွန်းရောက်အဖွဲ့အစည်းတွေဆီက ငွေကြေးနဲ့နည်းပညာအထောက်အပံ့တွေ ရယူခဲ့ကြပါတယ်။ ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ သူတို့မှာ ရက်စက်ကြမ်းကြုတ်တဲ့ အဆင့် (၄) ဆင့်ပါ စီမံကိန်းကြီးရှိခဲ့ပါတယ်။
ပထမအဆင့်အနေနဲ့ အစိုးရဌာနဆိုင်ရာနဲ့ဆက်နွှယ်နေတဲ့ ဘင်္ဂါလီတွေကို သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး လုပ်ကြံသတ်ဖြတ်မယ်။ ဒုတိယအဆင့်ကတော့ ARSA အဖွဲ့ရဲ့ အမိန့်ကိုမနာခံတဲ့ ဘင်္ဂါလီတွေကို သတ်ဖြတ်မယ်။ တတိယအဆင့်အဖြစ် ဒေသခံတိုင်းရင်းသား (ရခိုင်၊ မြို၊ ဒိုင်းနက်) တွေကို သတ်ဖြတ်ပြီး နေရပ်စွန့်ခွာထွက်ပြေးအောင်လုပ်မယ်။ နောက်ဆုံး စတုတ္ထအဆင့်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ စခန်းတွေကို ဝင်တိုက်ပြီး နယ်မြေသိမ်းပိုက်မယ်။ ဒါဟာ နိုင်ငံရေးအရတောင်းဆိုမှု မဟုတ်ပါဘူး။ အကြမ်းဖက်ဝါဒ (Terrorism) သက်သက်ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်။
ARSA က ဘာတွေလုပ်ခဲ့သလဲဆိုတာကြည့်မယ်ဆိုရင် ARSA အဖွဲ့ဟာ သာမန်ဘင်္ဂါလီအရပ်သားတွေမဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်က ဟာဘစ်တူဟာရ် ဦးစီးတဲ့ အကြမ်းဖက်အဖွဲ့ဟာ မောင်တောဒေသမှာရှိတဲ့ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက်ရဲစခန်းနဲ့ ငါးခူရနယ်မြေရုံးတွေကို အလစ်အငိုက်တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်ခြောက်ဦးနဲ့ အရပ်သား တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အစိုးရ ရဲတပ်ဖွဲ့ဘက်က လက်နက်မျိုးစုံ ၆၇ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်းနဲ့ ကျည်အိမ် ၁၆၄ ခုအထိ အကြမ်းဖက်သမားတွေလက်ထဲသို့ ရောက်ရှိသွားခဲ့ရပါတယ်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စာရင်းတွေအရ ARSA အကြမ်းဖက်သမားတွေအနေနဲ့ အစိုးရသတင်းပေးလို့စွပ်စွဲပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခြင်း၊ နေအိမ်တွေကို မီးရှို့ခြင်းတွေပြုလုပ်ခဲ့လို့ ကျေးရွာပေါင်း ၁၇ ရွာက အဆောက်အအုံ ၉၆၃ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။ အဲဒီကာလအတွင်းမှာပဲ သူတို့ရဲ့ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ၁၈ ဦးသေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် ARSA အဖွဲ့ဟာ လူ့အခွင့်အရေးလှုပ်ရှားတာမဟုတ်ဘဲ အပြစ်မဲ့ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်အဖွဲ့သက်သက်ဖြစ်တယ်ဆိုတာ ထင်ရှားစေပါတယ်။
ဒါက အစပျိုးရုံပဲ ရှိပါသေးတယ်။ ပိုပြီးကြီးမားတဲ့ စစ်ဆင်ရေးကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ မနက် ၁ နာရီလောက်အချိန်မှာ ARSA အစွန်းရောက် အင်အား ၄၀၀၀ ကျော်ကနေ ၁၀၀၀၀ လောက်အထိ စုရုံးပြီး မောင်တော၊ ဘူးသီးတောင်ဒေသတွေမှာရှိတဲ့ ရဲကင်းစခန်းပေါင်း ၃၀ နဲ့ တပ်ရင်းဌာနချုပ်တစ်ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း (Simultaneous Attacks) ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
ဒါဟာ ရိုးရိုးတိုက်ခိုက်မှုမဟုတ်ပါဘူး။ အင်အားရာနဲ့ချီအသုံးပြုပြီး စနစ်တကျစီစဉ်ထားတဲ့ စစ်ဆင်ရေးတစ်ခုပါ။ အဲဒီအချိန်ကတည်းက သူတို့ဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးပြီး အကြမ်းဖက်ဝါဒကို အစပျိုးနေပြီဆိုတာ ထင်ရှားခဲ့ပါတယ်။ အဲဒီနေ့ တစ်ရက်တည်းမှာတင် တိုက်ပွဲ ၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့ရသလို လက်နက်ခြောက်လက် ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် သူတို့ဟာ ကားလမ်းတွေမှာမိုင်းထောင်တာ၊ တံတားတွေကို ဖောက်ခွဲတာတွေကိုပါလုပ်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံတကာအနေနဲ့စဉ်းစားကြည့်စေချင်ပါတယ်။ကိုယ့်နိုင်ငံရဲ့ရဲစခန်း ၃၀ ကို လက်နက်ကိုင် အင်အားထောင်ချီကတစ်ပြိုင်နက်တည်း ဝင်တိုက်ရင်ဘယ်အစိုးရကငြိမ်နေမှာပါလဲ။ ဒီလိုအခြေအနေမျိုးမှာမြန်မာအစိုးရအနေနဲ့ Counter-Terrorism Operation မလုပ်ဘဲလက်ပိုက်ကြည့်နေလို့ရပါ့မလား။ဒါဟာလူ့အခွင့်အရေးတောင်းဆိုမှုလား၊ ဒါမှမဟုတ်အကြမ်းဖက်ကျူးကျော်မှုလားဆိုတာ ကွဲကွဲ ပြားပြားသိမြင်ဖို့လိုပါတယ်။
ဟာဘစ်တူဟာရ်အဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ရုံမကပါဘူး။ လူမှုကွန်ရက်တွေကတစ်ဆင့် ဝါဒဖြန့်ဗီဒီယိုဖိုင် ၁၀ ကြိမ်လောက်ထုတ်လွှင့်ပြီး အစွန်းရောက်လှုံ့ဆော်မှုတွေပြုလုပ်ခဲ့ပါတယ်။
သူ့ရဲ့ဗီဒီယိုဖိုင်တွေမှာဆိုရင် “အာရကန်ဒေသမှာ အစ္စလာမ်ဘာသာတစ်မျိုးတည်းသာရှိရမယ်”လို့ ကြွေးကြော်ခဲ့သလို “ဘာသာခြားတွေကို လာသတ်ကြ၊ ဂျီဟတ်လုပ်ကြ၊ အားလုံးထွက်လာကြ”လို့ အတိအလင်းလှုံ့ဆော်ခဲ့ပါတယ်။ သူတို့ကိုယ်တိုင် ရခိုင်ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးပြီး ဘင်္ဂါလီဘာသာစကားနဲ့ပြောဆိုအမိန့်ပေးနေတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်တွေမှာ မြန်မာလို၊ အင်္ဂလိပ်လို ဘာသာစကား တွေနဲ့ပျံ့နှံ့နေတာဟာ ငြင်းလို့မရတဲ့ သူတို့ရဲ့အကြမ်း ဖက်လုပ်ရပ်တွေပဲဖြစ်ပါတယ်။
ARSA ရဲ့ လုပ်ရပ်တွေမှာ အဆိုးရွားဆုံးကတော့ လူမျိုးရေးမုန်းတီးမှုအပေါ်အခြေခံတဲ့ သတ်ဖြတ်မှုတွေပါပဲ။ ARSA ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုသာ တိုက်ခိုက်တာမဟုတ်ဘဲ ဒေသခံတိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင်တွေကိုပါ ပစ်မှတ်ထား သတ်ဖြတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ARSA အကြမ်းဖက်သမားတွေဟာ ရဲဘောက်ကျ ကျေးရွာက ဟိန္ဒူဘာသာဝင် ၅၂ ဦးနဲ့ ခမောင်းဆိပ် (တောင်) ရွာက ၅၃ ဦး၊ စုစုပေါင်း ၁၀၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီအထဲက ဟိန္ဒူဘာသာဝင် ၄၅ ဦးကို ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ပြီး ကျင်းတစ်ခုထဲမှာ မြှုပ်နှံခဲ့တာကို ပြန်လည်တူးဖော်တွေ့ရှိခဲ့ရပါတယ်။
ဒါတင်မကသေးပါဘူး။ ARSA ဟာ ဒေသခံ မြိုတိုင်းရင်းသားတွေ၊ ဒိုင်းနက်လူမျိုးတွေကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ ပိုပြီးထိတ်လန့်စရာကောင်းတာကတော့ ARSA ဟာ သူတို့ရဲ့အကြမ်းဖက်လမ်းစဉ်ကို လက်မခံတဲ့၊ အစိုးရနဲ့ ပူးပေါင်းတယ်လို့ယူဆရတဲ့ အစ္စလာမ်ဘာသာဝင် အချင်းချင်းကိုပါ သစ္စာဖောက်ဆိုပြီး ခေါင်းဖြတ်သတ်ဖြတ်ခဲ့တာတွေရှိပါသေးတယ်။ ဒီအချက်တွေက ဘာကိုပြနေသလဲဆိုတော့ ARSA ဟာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ မဟုတ်ဘဲ၊ ISIS လိုမျိုး အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း (Terrorist Group)သာဖြစ်ကြောင်း သက်သေပြနေပါတယ်။
နိုင်ငံတော်အစိုးရဟာ ARSA ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter-Terrorism Operation) ကို ဆင်နွှဲခဲ့ခြင်းသာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံနဲ့ OIC တို့က ICJ မှာစွပ်စွဲနေသလို မြန်မာနိုင်ငံမှာ ဘင်္ဂါလီလူမျိုးတွေကို မျိုးဖြုတ်သတ်ဖြတ်နေတာမျိုး လုံးဝမရှိပါဘူး။
ကမ္ဘာ့ဘယ်နိုင်ငံမှာမဆို အကြမ်းဖက် သမားတွေက နယ်မြေလုံခြုံရေးကို ထိပါးလာရင်၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်လာရင် အစိုးရအနေနဲ့ နိုင်ငံသားတွေကိုကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ မြန်မာ့တပ်မတော်နဲ့ရဲတပ်ဖွဲ့ဟာ ARSA အကြမ်းဖက်သမားတွေကိုသာ ပစ်မှတ်ထားရှင်းလင်းခဲ့တာဖြစ်ပြီး၊ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်မှုမရှိအောင် Rules of Engagement (ROE) နဲ့အညီ ဆောင်ရွက်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာများက ဖော်ပြထားပါတယ်။
နိုင်ငံတကာကပြောနေကြတဲ့ သိန်းနဲ့ချီတဲ့ဒုက္ခသည်တွေ ထွက်ပြေးနေရတယ်ဆိုတဲ့ ကိစ္စရဲ့နောက်ကွယ်မှာလည်း ARSA ရဲ့နိုင်ငံရေးကစားကွက် (Political Trap)ကြီးတစ်ခုရှိနေပါတယ်။ ARSA အဖွဲ့ဟာ ဘင်္ဂါလီလူမျိုးတွေကိုလူသားဒိုင်း(Human Shields) အဖြစ် အသုံးပြုခဲ့သလို၊ သူတို့ရဲ့တိုက်ခိုက်မှုမအောင်မြင်တဲ့အခါမှာ ကျေးရွာတွေကို သူတို့ကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးကြပါတယ်။ ပြီးတော့ သာမန်ဘင်္ဂါလီရွာသားတွေကို ခြိမ်းခြောက်ပါတယ်။ “မင်းတို့ ထွက်မပြေးရင် အစိုးရစစ်တပ်က လာသတ်လိမ့်မယ်”၊ “မလိုက်ရင် မင်းတို့ကိုသစ္စာဖောက်အဖြစ် သတ်မယ်” ဆိုပြီးခြိမ်းခြောက်ပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးအောင် တွန်းအားပေးမောင်းထုတ်ခဲ့ကြတာပါ။
တစ်ဖက်မှာလည်း“ဟိုဘက်နိုင်ငံရောက်ရင် နိုင်ငံတကာအထောက်အပံ့တွေနဲ့ ကောင်းကောင်းနေရမယ်၊ တတိယနိုင်ငံသွားရမယ်”ဆိုပြီး မက်လုံးပေးစည်းရုံးခဲ့ကြပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ဒုက္ခသည်အကြပ်အတည်း(RefugeeCrisis)ကိုဖန်တီးပြီးနိုင်ငံတကာဖိအားမြန်မာနိုင်ငံအပေါ် ကျရောက်လာအောင် လုပ်ဆောင်ခြင်းသာဖြစ်ပါတယ်။
အခု ၂၀၂၆ ခုနှစ် ICJ မှာ အမှုရင်ဆိုင်နေရချိန်အထိ ဂမ်ဘီယာနိုင်ငံဘက်က ရှေ့နေတွေဟာ ARSA ရဲ့ အခန်းကဏ္ဍကို လုံးဝထည့်သွင်းပြောဆိုခြင်းမရှိသလောက်ပါပဲ။ ဒါ့အပြင် အကြမ်းဖက်သမား ၆,၀၀၀ ကျော်၊ ၁၀,၀၀၀ လောက်ကလက်နက်တွေ၊ မိုင်းတွေနဲ့ တိုက်ခိုက်နေတာကို ထုတ်ပြောခဲ့တာမရှိသလို၊ ဒါတွေအတွက် ဘယ်လိုဖြေရှင်းကုစားပေးမှာလဲလို့ ပြန်ပြီး မေးခွန်းထုတ်လိုက်ရင်လည်း သူတို့အဖြေမပေးနိုင်ပါဘူး။
BBC အင်တာဗျူးတစ်ခုမှာ ဂမ်ဘီယာဘက်က ရှေ့နေ Mr. Suleman ပြောကြားချက်တွေကိုကြည့်ရင် သူတို့ရဲ့ရည်ရွယ်ချက်က တရားမျှတမှုထက် မြန်မာနိုင်ငံဆီက လျော်ကြေးငွေ(Compensation)ရလိုမှုက ပိုများနေတာကိုတွေ့ရပါတယ်။ သူတို့ဟာ ARSA ရဲ့ အကြမ်းဖက်မှုတွေကိုမျက်ကွယ်ပြုပြီး တစ်ဖက်သတ် FFM (Fact-Finding Mission) အစီရင်ခံစာတွေကိုပဲ ကိုးကားနေကြပါတယ်။ အဲဒီအစီရင်ခံစာတွေက မြေပြင်အခြေအနေမှန်ကို မထင်ဟပ်ဘဲ နိုင်ငံရေးအရ ဘက်လိုက်မှုတွေရှိနေပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ARSA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုဖို့ ဝန်လေးနေတာဟာ အလွန်အန္တရာယ်ကြီးမားပါတယ်။ ဒါဟာ အကြမ်းဖက်ဝါဒကို သွယ်ဝိုက်ပြီး အားပေးရာရောက်နေပါတယ်။
၂၀၂၆ ခုနှစ်အထိ ARSA ဟာ ပျောက်ကွယ်သွားခြင်းမရှိဘဲ နယ်စပ်ဒေသမှာ ခိုအောင်းပြီးအကြမ်းဖက်လုပ်ရပ်တွေကိုနည်းမျိုးစုံနဲ့ ဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။ ဒုက္ခသည် စခန်းတွေမှာ လူသစ်စုဆောင်းတာ၊ ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားတဲ့သူတွေကိုခြိမ်းခြောက်သတ်ဖြတ်တာတွေ လုပ်ဆောင်နေဆဲပါ။ ICJ မှာ တရားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ကတော့ ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာ ဆက်လက်ဖြေရှင်းနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ ဘင်္ဂါလီလူမျိုးတွေကို မုန်းတီးလို့တိုက်ခိုက်နေတာမဟုတ်ပဲ နိုင်ငံတော်ကို ရန်ပြုလာတဲ့ ARSA အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းနေခြင်း(Counter-Terrorism Operation)သာဖြစ်တယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မျက်လုံးဖွင့်ပြီး အမှန်တရားကို ကြည့်စေချင်ပါတယ်။
မြန်မာနိုင်ငံရဲ့အနောက်တံခါးဝကို ခြိမ်းခြောက်နေတဲ့ ARSA အန္တရာယ်ဟာ မြန်မာနိုင်ငံတစ်နိုင်ငံတည်းရဲ့ပြဿနာမဟုတ်ပါဘူး။ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တဲ့ကမ္ဘာ့နိုင်ငံတိုင်း လက်ခံအသိအမှတ်ပြုပြီး ဝိုင်းဝန်းတိုက်ဖျက်ရမယ့် ဘုံရန်သူဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့ ဘင်္ဂါလီတိုင်းကို ဒုက္ခသည်လို့ သတ်မှတ်နေသလို ARSA အဖွဲ့ဝင်တိုင်းကလဲ ဘင်္ဂါလီဖြစ်နေတယ်ဆိုတာကို မမေ့စေချင်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ဒေသခံဘင်္ဂါလီများနဲ့ရခိုင်တိုင်းရင်းသားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ ဖြစ်ပေါ်လာခဲ့ရတဲ့ဖြစ်ရပ်မှန်တွေကိုဂုဏ်သိက္ခာရှိရှိ ဥပဒေကြောင်းအရ ခိုင်မာတဲ့အချက်အလက်များနဲ့ တုံ့ပြန် နေခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့တရားမျှတတဲ့ခုခံပိုင်ခွင့်ကို လေးစားကြဖို့အချိန်တန်ပြီဖြစ်ကြောင်း သတိမူ ဂူမြင်စေဖို့အသိပေးတင်ပြလိုက်ရပါတယ်။ ။
