သွေးထွက်သံယို နှိမ်နင်းမှုများ၏ အမှတ်တရများက နာကျင်နေဆဲဖြစ်သဖြင့် တီဟီရန်သည် အမေရိကန်ဗုံးများကို စိုးရိမ်ထိတ်လန့်လျက်ရှိ
Posted_Date
Image
Body
အစိုးရအပေါ် ဆန့်ကျင်ကန့်ကွက်မှုများကို ရက်စက်စွာ နှိမ်နင်းခဲ့မှုကြောင့် အီရန်နိုင်ငံသား ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာ ဇန်နဝါရီ ၂၇ ရက်နေ့ တွင် မြို့တော်ရှိ လူနေမှုဘဝမှာ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီဟု ထင်ရသည်။ သို့သော် ထိုသို့ ပုံမှန်ဖြစ်နေသည့် အသွင်အပြင်၏ နောက်ကွယ်တွင် စိုးရိမ်စရာ အမှန်တရားတစ်ခု ဖုံးကွယ် နေသည်။ ၎င်းမှာ ဤနေရာရှိ လူအများစုသည် အီရန်အစိုးရ၏ ဝါဒဖြန့်ချိမှုများနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ရေးအရ အရေးယူမည်ဆိုသည့် ခြိမ်းခြောက်မှုများအကြား ပိတ်မိနေသည်ဟု ခံစားနေရခြင်း ဖြစ်သည်။
သမ္မတ ထရမ့်က အီရန်ဘက်သို့ “ရေတပ်အုပ်စု” (Armada) တစ်ခု ဦးတည်သွားနေပြီဟု သတိပေးထားသည်။ “အခြေအနေကိုကြည့်ဖို့ သင်္ဘောတွေအများကြီး အဲဒီဘက်ကိုသွားနေသည် ၊ မည်သည့် ပြဿနာမျှ မတက်စေချင်သော်လည်း ကျွန်တော်တို့ ၎င်းတို့ကို အနီးကပ် စောင့်ကြည့်နေပါသည်” ဟု ၎င်းက ဆိုသည်။
အဆိုပါ သင်္ဘောများထဲမှ ပထမဆုံးအသုတ်ဖြစ်သည့် USS Abraham Lincoln လေယာဉ်တင် သင်္ဘောနှင့် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောအုပ်စုသည် တိုက်ခိုက်နိုင်သည့် အကွာအဝေးအတွင်း သို့ ရောက်ရှိနေပြီဖြစ်သည်။
တီဟီရန်အစိုးရကလည်း မြို့တော်ရှိ အင်ဂီလပ် (Enghelab) သို့မဟုတ် တော်လှန်ရေးရင်ပြင်တွင် လေးထပ်တိုက်အမြင့်ရှိသော ပိုစတာကြီးတစ်ခုကို ချိတ်ဆွဲပြီး အမေရိကန်လေယာဉ်တင်သင်္ဘော ကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်တုံ့ပြန်ခဲ့သည်။
“မင်းတို့ လေပြင်းကို စိုက်ပျိုးရင် မုန်တိုင်းကို ပြန်ရိတ်သိမ်းရလိမ့်မည်” ဟု အင်္ဂလိပ်ဘာသာနှင့် ပါရှန်း ဘာသာတို့ဖြင့် ထိုပိုစတာတွင် ရေးသားထားသည်။ ပိုစတာပေါ်ရှိ ပုံတွင် လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်ပေါ်၌ အလောင်းများ ပြန့်ကျဲနေပြီး၊ အမေရိကန်အလံရှိ အစင်းကြောင်းများနှင့် ဆင်တူ သော ပုံသဏ္ဌာန်ဖြင့် ပင်လယ်ရေထဲသို့ စီးကျနေသည့် သွေးစွန်းကြောင်းများကို သရုပ်ဖော်ထား သည်။
အဆိုပါနေရာနှင့် လမ်းအနည်းငယ်အကွာတွင် အခြားအစိုးရဝါဒဖြန့် ပိုစတာတစ်ခုရှိပြီး၊ ၎င်းတွင် ၂၀၁၆ ခုနှစ်က အမေရိကန်ရေတပ်လှေတစ်စင်းကို ဖမ်းဆီးခဲ့သည့်ပုံကို ဖော်ပြထားသည်။ ထိုပုံတွင် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များသည် လက်နက်ချသည့်အနေဖြင့် ဒူးထောက်နေကြပြီး ၎င်းတို့၏ လက်များကို ဦးခေါင်းနောက်တွင် စုစည်းထားကြသည်။
ယခုသီတင်းပတ်အတွင်း အစိုးရ၏ ခွင့်ပြုချက်ဖြင့် တီဟီရန်မြို့သို့ သွားရောက်ခွင့်ရရှိခဲ့စဉ်အတွင်း CNN သတင်းဌာနသည် ထိုပိုစတာနှစ်ခုလုံးကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ် ကမှ သွေးထွက်သံယို ပဋိပက္ခများကြောင့် ဆူပူလှုပ်ရှားခဲ့သော မြို့တော်၏ လူနေမှုဘဝကို အကန့် အသတ်ဖြင့်သာ ကြည့်ရှုခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။ လမ်းမများပေါ်ရှိ အီရန်နိုင်ငံသားများမှာမူ မည်သည့်ဘက်က မိမိတို့အတွက် ပိုမိုအန္တရာယ်ရှိသနည်းဆိုသည်ကို ဝေခွဲမရဖြစ်နေကြသည်။ “ကျွန်မ ဘာပြောရမှန်းတောင် မသိတော့ဘူး ၊ သူတို့အားလုံးဟာ အီရန်ပြည်သူများ၏ အကျိုး စီးပွားကို ဆန့်ကျင်ပြီး တစ်ဖက်နှင့်တစ်ဖက် ပူးပေါင်းနေကြသည်ဟု ထင်ပါသည်၊ ကျွန်မတို့ အတွက် ဘာမှကောင်းလာမှာ မဟုတ်ပါဘူး” ဟု တီဟီရန်မြို့ခံ လူငယ်တစ်ဦးဖြစ်သူ မာဆန် (Mahsan) က CNN ကို ပြောကြားခဲ့သည်။
အခြားမြို့ခံတစ်ဦးဖြစ်သူ မဟဒီ အက္ကဘာရီ (Mehdi Akbari) ကမူ “ထရမ့်က တိုက်ခိုက်ရဲလိမ့်မည်ဟု ကျွန်တော်မထင်ပါဘူး ၊ ၎င်းက အခြောက်တိုက် ဟန်ရေးပြနေတာပါ” ဟု ဆိုသည်။
သမ္မတ ထရမ့်ကမူ ၎င်းအနေဖြင့် အီရန်ကို တိုက်ခိုက်ခြင်း အပါအဝင် ရွေးချယ်စရာ နည်းလမ်းများ စွာကို စဉ်းစားနေကြောင်း အကြိမ်ကြိမ် ပြောကြားထားသော်လည်း တစ်ဖက်တွင်လည်း တီဟီရန် အစိုးရသည် “ဆွေးနွေးချင်နေသည်” ဟု ဆိုထားရာ အမေရိကန်အနေဖြင့် အီရန်အစိုးရနှင့် ဆွေးနွေးပွဲ များ စတင်နိုင်ခြေရှိကြောင်းကိုလည်း အရိပ်အမြွက် ပြသနေပါသည်။
"ကျွန်တော်တို့ဘက်ကတော့ (ဆွေးနွေးဖို့) အမြဲတမ်းတံခါးဖွင့်ထားပါသည် ၊ထို့ကြောင့် ၎င်းတို့ (အီရန်) ဘက်က ဆက်သွယ်ချင်သည်၊ သတ်မှတ်ချက်တွေကိုလည်း နားလည်သည်ဆိုပါက ကျွန်တော် တို့ ဆွေးနွေးမှုတွေ လုပ်သွားမှာပါ" ဟု အိမ်ဖြူတော် အရာရှိတစ်ဦးက ဇန်နဝါရီ ၂၆ ရက်နေ့တွင် ပြောကြား ခဲ့သည်။ အခြားတစ်ဖက်တွင်မူ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (Revolutionary Guard) ၏ တပ်မှူးက ၎င်း၏တပ်ဖွဲ့ဝင်များသည် တုံ့ပြန်ရန်အတွက် "ဘယ်တုန်းကထက်မဆို ပိုမိုအသင့်ဖြစ်နေပြီး ခလုတ်ပေါ်လက်တင်ထားပြီ" ဟု သတိပေးထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါရီ (Esmaeil Baghaei) ကလည်း တီဟီရန်အစိုးရသည် အမေရိကန်၏ မည်သည့်ကျူးကျော်မှုကိုမဆို "နောင်တရသွားစေမည့်" တုံ့ပြန်မှု မျိုးဖြင့် တုံ့ပြန်ရန် "အပြည့်အဝ စွမ်းဆောင်နိုင်သည်" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ "စစ်သင်္ဘော တစ်စင်း သို့မဟုတ် အနည်းငယ် ရောက်လာခြင်းသည် အီရန်၏ ခုခံကာကွယ် လိုသည့် စိတ်ပိုင်းဖြတ်မှုကို မထိခိုက်စေပါ။ ကျွန်တော်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များသည် အခြေအနေ တိုင်းကို စောင့်ကြည့်နေပြီး စွမ်းဆောင်ရည် မြှင့်တင်ဖို့အတွက် တစ်စက္ကန့်လေးတောင် အလဟဿ မဖြုန်းတီးပါ" ဟု ၎င်းက ဆိုသည်။
အမေရိကန်က တိုက်ခိုက်လာပါက ဒေသတွင်းရှိ ဝါရှင်တန်၏ မဟာမိတ်များကို ပြန်လည်တိုက်ခိုက် မည်ဟုလည်း အီရန်က သတိပေးထားသည်။ ပါရှန်းပင်လယ်ကွေ့ရှိ အမေရိကန်မဟာမိတ် အာရပ် နိုင်ငံများသည်လည်း အီရန်အား တိုက်ခိုက်ခြင်းမပြုရန် သမ္မတထရမ့်ကို တိုက်တွန်းနားချနေ ကြောင်း ဒေသတွင်းအရာရှိများက ယခုလအတွင်း CNN သို့ ပြောကြားခဲ့သည်။
ဇွန်လအတွင်း အစ္စရေးနှင့် ဖြစ်ပွားခဲ့သော ၁၂ ရက်ကြာစစ်ပွဲ နောက်ပိုင်းတွင် မိမိတို့၏ ဒုံးကျည် စွမ်းဆောင်ရည်နှင့် ထိရောက်မှုမှာ သိသိသာသာ တိုးတက်လာကြောင်း အီရန်စစ်တပ်က ပြောကြား ခဲ့သည်။ အဆိုပါ ပဋိပက္ခအတွင်း အီရန်သည် အစ္စရေးပစ်မှတ်များကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် အကြိမ်ပေါင်းများစွာ လှိုင်းလုံးသဏ္ဌာန် အဆက်မပြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မြေပြင်ရှိ အီရန်ပြည်သူများအတွက်မူ သမ္မတထရမ့်နှင့် တီဟီရန်အစိုးရတို့ကြား အပြန်အလှန် တင်းမာနေမှုများသည် ခက်ခဲကြမ်းတမ်းပြီး ဆင်းရဲဒုက္ခရောက်ရသော ကာလကို ပိုမို ရှည်ကြာ စေလျက်ရှိသည်။ လွန်ခဲ့သည့်နှစ်နှောင်းပိုင်းက စီးပွားရေး ကျပ်တည်းမှုကြောင့် စတင်ခဲ့သည့် ဆန္ဒပြပွဲများကို ရက်စက်စွာ နှိမ်နင်းခဲ့မှုကြောင့် သေဆုံးသွားရသူ ထောင်ပေါင်းများစွာအတွက် လူအများက ဝမ်းနည်းပူဆွေးနေရသည့် အချိန်လည်းဖြစ်သည်။ ထိုအချိန်မှစ၍ စီးပွားရေး အခြေ အနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး အီရန်ငွေကြေး (ရီရယ်လ် - Rial) တန်ဖိုးမှာလည်း စံချိန်တင် အနိမ့်ဆုံး သို့ ကျဆင်းသွားခဲ့သည်။ အီရန်ငွေကြေး လဲလှယ်နှုန်းကို စောင့်ကြည့်သည့် ဝက်ဘ်ဆိုက်အချို့၏ အဆိုအရ ဇန်နဝါရီ ၂၇ ရက်နေ့တွင် အမေရိကန် ၁ ဒေါ်လာလျှင် အီရန်ရီရယ်လ် ၁,၅၀၀,၀၀၀ အထိ ကျဆင်းသွားခဲ့သည်။
အင်တာနက် ဖြတ်တောက်မှုများ ပြန်လည်ပွင့်လင်းလာချိန်မှသာ အီရန်ပြည်သူများ ရင်ဆိုင်နေရ သည့် အခက်အခဲများ၏ ပမာဏအစစ်အမှန်မှာ စတင်ထင်ရှားလာခဲ့သည်။
"ဈေးဝယ်ရန်နှင့် နေ့စဉ်ကိစ္စတွေအတွက် အိမ်ပြင်မထွက်၍ မရသော်လည်း အခြေအနေက တကယ့်ကို ဆိုးရွားခဲ့ပါသည်" ဟု အာရှမ် (Arsham) အမည်ရှိ လူငယ်တစ်ဦးက ဆန္ဒပြပွဲ ကာလအတွင်း ၎င်း ဖြတ်သန်းခဲ့ရပုံကို CNN သို့ ပြောကြားခဲ့သည်။ "ယခု အင်တာနက် ပြန်ရမှပဲ လူတွေအများကြီး အသတ်ခံခဲ့ရသည်ဆိုသည်ကို ကျွန်တော်တို့ သိရတော့တာပါ" ဟု ၎င်းက ဆိုသည်။
CNN တွင် Joseph Ataman ရေးသားသည့် “Tehran wary of American bombs as memories of bloody crackdown still sting” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) ကဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။
