GIUK Gap သို့မဟုတ် မြောက်အတ္တလန္တိတ် လုံခြုံရေး၏ ကျောရိုးမကြီး
Posted_Date
Image
Body
မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဂရင်းလန်း၊ အိုက်စလန်နှင့် ယူနိုက်တက်ကင်းဒမ်းတို့ ကြား GIUK (Greenland, Iceland, and the United Kingdom) သည် ကမ္ဘာ့အရေးအပါဆုံး ရေကြောင်းပိတ်ဆို့မှု အချက်အချာများထဲမှ တစ်ခုဖြစ်နေပါသည်။
ထိုနေရာသည် အာတိတ်သမုဒ္ဒရာကို အတ္တလန်တိတ်နှင့် ဆက်သွယ်ပေးကာ မြောက်အမေရိကနှင့် ဥရောပကြား အဓိကရေကြောင်းသွားလာရေးလမ်းကြောင်းအဖြစ် တည်ရှိခြင်းကြောင့် ရာစုနှစ်တစ်ခုကျော်ကြာ ရေတပ် မဟာဗျူဟာရေးဆွဲသူများ၏ အာရုံစိုက်မှုကို အမြဲတစေ ခံခဲ့ရပါသည်။ ယနေ့အချိန်တွင် ရုရှား၏ ရေတပ် လှုပ်ရှားမှုများ မြင့်တက်လာခြင်း၊ အာတိတ်ဒေသချဲ့ထွင်လာမှုနှင့် တစ်နေ့တစ်ခြား ပေါက်ပေါက်လာသော ခေတ်သစ်ခြိမ်းခြောက်မှုအသစ်များ ကြားတွင် GIUK သည် မဟာဗျူဟာအရ ပို၍ အရေးပါလာပါသည်။
ကမ္ဘာစစ်များအတွင်း မဟာဗျူဟာအရေးပါမှု
ကမ္ဘာစစ်နှစ်ခုစလုံးတွင် GIUK အဓိကအရေးပါပုံမှာ မြောက်အမေရိကနှင့် ဥရောပကြား ထရန်စ် အတ္တလန္တိတ် ထောက်ပံ့ရေးလမ်းကြောင်းများကို ထိန်းချုပ်နိုင်ခြင်းကြောင့်ဖြစ်ပါသည်။ ထိုလမ်းကြောင်းသည် မဟာမိတ်နိုင်ငံ များ၏ စစ်တပ်အင်အားထောက်ပံ့မှုအတွက် အသက်သွေးကြောလမ်းကြောင်း ဟု ပြောရလောက်အောင် အရေးပါ ခဲ့ပါသည်။
ပထမကမ္ဘာစစ်အတွင်း အမေရိကန်ပြည်ထောင်စုမှ မဟာမိတ်များသို့ စစ်လက်နက်ပစ္စည်း၊ စားနပ်ရိက္ခာနှင့် တပ်ဖွဲ့ဝင်များ လုံခြုံစွာပို့ဆောင်ရေးအတွက် ထိုလမ်းကြောင်းမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ မဟာမိတ်ရေတပ်က ဂျာမန်ရေငုပ်သင်္ဘောများ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် အဆိုပါဒေသတွင် ကင်းလှည့်တပ်များ အလှည့်ကျ ချထားခဲ့ရပါသည်။
ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များသည် GIUK ၏ အားနည်းချက်ကို သိရှိသွားသဖြင့် အိုက်စလန် နှင့် ဂရင်းလန်းကို သိမ်းပိုက်ကာ စောင့်ကြည့်ရေးနှင့် ကာကွယ်ရေးစခန်းများ တည်ထောင်ခဲ့ကြပြန်ပါသည်။ ၎င်းမှာ ဂျာမန်ရေတပ်၏ လှုပ်ရှားမှုကို ဟန့်တားရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။
ကမ္ဘာစစ်အတွင်း GIUK အရေးပါမှုကို အထင်ရှားဆုံး သက်သေပြနိုင်သည့် ဖြစ်ရပ်မှာ ၁၉၄၁ ခုနှစ်က ဂျာမန်စစ်သင်္ဘော ဘစ်စမတ်က် ဖြစ်ရပ် ( Bismarck Incident) ကို ပြရပါမည်။ ဘစ်စမတ်က် စစ်သင်္ဘောသည် မြောက်အတ္တလန္တိတ်အတွင်းရှိ မဟာမိတ်များ၏ ကုန်တင်ရေကြောင်းလမ်းများကို တိုက်ခိုက်ရန် ဂရင်းလန်းနှင့် အိုက်စလန်ကြားရှိ ဒိန်းမတ်ရေလက်ကြားကိုဖြတ်၍ အတ္တလန္တိတ်အတွင်းသို့ ဖောက်ဝင်လာခဲ့ပါသည်။ အဆိုပါ ဖြစ်ရပ်သည် GIUK ကို အသုံးချ၍ မဟာမိတ်တို့၏ အသက်သွေးကြောကို မည်သို့ခြိမ်းခြောက်နိုင်ခဲ့ကြောင်း ပြသနေသည့် သာဓကတစ်ခုဖြစ်ခဲ့ပါသည်။ ဗြိတိသျှရေတပ်သည် ဘစ်စမတ်က်ကို လိုက်လံဖမ်းဆီးကာ နောက်ဆုံးတွင် နစ်မြှုပ်ပစ်နိုင်ခဲ့ပါသည်။
စစ်အေးတိုက်ပွဲကာလနှင့် နည်းပညာဆိုင်ရာ ပြိုင်ဆိုင်မှု
စစ်အေးတိုက်ပွဲကာလတွင် GIUK အရေးပါမှုသည် ပိုမိုကြီးထွားလာခဲ့ပါသည်။ နေတိုးအဖွဲ့၏ ကာကွယ်ရေးဗျူဟာ ရှေ့တန်းနေရာတစ်ခုဖြစ်လာခဲ့ပါသည်။ ၎င်းသည် ကိုလာကျွန်းဆွယ်ရှိ အခြေစိုက်စခန်းများမှ အတ္တလန္တိတ်သို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် ဆိုဗီယက် ရေငုပ်သင်္ဘောများကို ထောက်လှမ်းရန် အဓိက ပိတ်ဆို့မှု အချက်အချာနေရာဖြစ်လာပြန်ပါသည်။ ထိုနေရာတွင် နေတိုးက ရေငုပ်သင်္ဘောဖြိုခွင်းရေး (ASW) တွင် အသာစီးရရှိရန် ရေအောက် အသံဖမ်းကိရိယာများ ကွန်ရက်ဖြစ်သော Sound Surveillance System (SOSUS) နှင့် P-3 Orion ကဲ့သို့သော ရေကြောင်းကင်းလှည့်လေယာဉ်များကို ဖြန့်ကြက်ခဲ့ပါသည်။ SOSUS စနစ်သည် ဆိုဗီယက် ရေငုပ်သင်္ဘောများ၏ လှုပ်ရှားမှုကို ကြိုတင်သတိပေးနိုင်ခဲ့ပြီး နေတိုး၏ စောင့်ကြည့်ရေးစွမ်းရည်ကိုပါ သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့ပါသည်။
ဆိုဗီယက်ဒုံးကျည်နည်းပညာ တိုးတက်လာကာ ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘောများ အာတိတ်ခံတပ်များမှ လည်ပတ်နိုင်စေခဲ့သည့်တိုင် နေတိုး၏ ထရန်စ်အတ္တလန္တိတ် အားဖြည့်လမ်းကြောင်းများကို ခြိမ်းခြောက်နိုင်သည့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများကို ခြေရာခံရန်အတွက် GIUK သည် အရေးပါနေဆဲဖြစ်ပါသည်။ ထိုအချက်မှာ GIUK က အတားအဆီးနှင့် ဝင်ပေါက်နှစ်မျိုးလုံးတွင် အရေးပါသော အခန်းကဏ္ဍကို ထင်ရှားစေခဲ့ပါသည်။ ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ရေတပ်ဆိုင်ရာ ခြိမ်းခြောက်မှုလျော့နည်းသွားသည်ဟု ထင်မြင်ခဲ့ကြပြီး နေတိုးသည် ၎င်း၏အာရုံစိုက်မှုကို အခြားဒေသများသို့ ပြောင်းလဲခဲ့ပါသည်။ အဆိုပါအပြောင်းအရွှေ့ကြောင့် ASW စွမ်းရည်များတွင် ရင်းနှီးမြှုပ်နှံမှုများ လျှော့ချခဲ့ပြီး ရေငုပ်သင်္ဘောချေမှုန်းရေးဆိုင်ရာ စွမ်းဆောင်ရည်များပါ ကျဆင်းလာခဲ့ပါသည်။
ရုရှား ပြန်လည်နိုးထလာမှုနှင့် ခေတ်သစ်စိန်ခေါ်မှုများ
၂၁ ရာစုအလှည့်တွင် ရုရှားသည် ၎င်း၏ မြောက်ပိုင်းရေယာဉ်စုကို ခေတ်မီရန်ပြုလုပ်ရင်း ရေတပ် စွမ်းရည်များကို သိသိသာသာ ပြန်လည်မြှင့်တင်ခဲ့ပါသည်။ ကိုလာကျွန်းဆွယ် အခြေစိုက် အဆိုပါရေယာဉ်စုသည် GIUK မှတစ်ဆင့် မြောက်အတ္တလန္တိတ်သို့ တစ်နှစ်ပတ်လုံး ဝင်ရောက်နိုင်မှုရှိပြီး ရုရှား၏ ဟန့်တားရေး မဟာ ဗျူဟာ၏ အဓိကကျသော အစိတ်အပိုင်း ဖြစ်လာပါသည်။ Yasen- နှင့် Borei အမျိုးအစား ရေငုပ်သင်္ဘောများက ရုရှား၏ ရေတပ် သာလွန်မှု ပြန်လည်ရယူရန် ကြိုးပမ်းလုပ်ဆောင်နေမှုကို ထင်ရှားပေါ်လွင်နေပါသည်။ ထိုရေငုပ် သင်္ဘောများတွင် သမားရိုးကျထောက်လှမ်းရေးစနစ်များကို ရှောင်တိမ်းနိုင်သည့် ကိုယ်ပျောက် နည်းပညာများနှင့် Kalibr ခရုဇ်ဒုံးကျည်များ၊ Zircon အသံထက်မြန်ဒုံးကျည်များ တပ်ဆင်ထားပါသည်။ စစ်အေး တိုက်ပွဲနောက်ပိုင်း မမြင်တွေ့ရသည့်အဆင့်အထိ GIUK တစ်ဝိုက်တွင် ရုရှားရေငုပ်သင်္ဘောကင်းလှည့်မှုများ တိုးမြှင့်လာခြင်းမှာလည်း နေတိုး၏ ရေတပ်လွှမ်းမိုးမှုကို စိန်ခေါ်ရန် ရည်ရွယ်နေသည်ကို ဖော်ပြနေပါသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် အာတိတ်ဒေသ ရေခဲများ အရည်ပျော်လာခြင်းသည် ရုရှားအတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှု နှစ်မျိုးလုံးဖန်တီးပေးနိုင်ခဲ့ပါသည်။ တစ်ဖက်တွင် ရေကြောင်းသွားလာနိုင်မှု တိုးလာကာ မြောက်ပင်လယ်ရေကြောင်း (NSR) အသုံးချမှု ပိုမိုလွယ်ကူလာသော်လည်း အခြားတစ်ဖက်တွင် နေတိုးအတွက် အာတိတ်ဒေသအတွင်း စောင့်ကြည့်လေ့လာမှုနှင့် တပ်ဖြန့်မှုများ ပိုမိုပြုလုပ်နိုင်သည့် အခွင့်အလမ်းကိုလည်း ဖန်တီးပေးခဲ့ပါသည်။
ပေါင်းစပ်ခြိမ်းခြောက်မှုများနှင့် ရေအောက်အခြေခံအဆောက်အအုံ အားနည်းချက်
ရုရှားသည် သမားရိုးကျ ရေတပ်စစ်ဆင်ရေးများအပြင် ပေါင်းစပ်စစ်ဆင်ရေးများကိုပါ အာရုံစိုက်လာခဲ့ပါသည်။ Yantar ကဲ့သို့သော အထူးထုတ်လုပ်ထားသော သင်္ဘောများတွင် ရေအောက် အခြေခံအဆောက်အအုံများကို ဝင်ရောက်နှောင့်ယှက်နိုင်သည့် အဆင့်မြင့်နည်းပညာများကို တပ်ဆင်ထားပါသည်။ ကမ္ဘာလုံးဆိုင်ရာ အင်တာနက်အသွားအလာ၏ ၉၅% ကျော်ကို သယ်ဆောင်နေသည့် ရေအောက်ဆက်သွယ်ရေးကြိုးများနှင့် ကမ်းလွန် စွမ်းအင်အခြေခံ အဆောက်အအုံများသည် ထိုခြိမ်းခြောက်မှုများ၏ ပစ်မှတ်များဖြစ်လာနိုင်ပါသည်။
အဆိုပါ အခြေခံအဆောက်အအုံများ ပျက်စီးခြင်းက အစိုးရဆက်သွယ်ရေးများ ချို့ယွင်းခြင်း၊ ဘဏ္ဍာရေး ဈေးကွက်များ မတည်ငြိမ်ခြင်းနှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးတည်ငြိမ်မှုကိုပါ ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် GIUK တွင် နေတိုး၏ စောင့်ကြည့်ရေးနှင့် ကာကွယ်ရေး စွမ်းရည်များ အားကောင်းရန် လိုအပ်လာပါသည်။
နေတိုး၏ တန်ပြန်ဆောင်ရွက်မှုများနှင့် အနာဂတ်အလားအလာ
အဆိုပါခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန် နေတိုးသည် ASW စွမ်းရည်များ ပြန်လည် ရှင်သန်လာစေရေး သိသာထင်ရှားသော ခြေလှမ်းများ လှမ်းခဲ့ပါသည်။ အမေရိကန်၊ ဗြိတိန်၊ နော်ဝေး အပါအဝင် မဟာမိတ်နိုင်ငံများ ပြုပြင်မောင်းနှင်နေကြသော P-8 Poseidon ရေကြောင်း ကင်းလှည့်လေယာဉ်များသည် ASW စစ်ဆင်ရေး၏ အုတ်မြစ်ဖြစ်လာခဲ့ပါသည်။ အိုက်စလန်တွင် P-8 များ တိုးချဲ့တပ်ဖြန့်ခြင်းသည် GIUK အပေါ် ထိန်းချုပ်မှု ခိုင်မာ စေရန် နေတိုး၏ ကတိကဝတ် ကို ပြသနေပါသည်။
ထို့ပြင် နေတိုးသည် မောင်းသူမဲ့ ရေကြောင်းစနစ်များ (UMS) တွင် ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ အမေရိကန် ရေတပ်၏ Orca Extra Large Unmanned Underwater Vehicle (XLUUV) ကဲ့သို့သော ရေအောက်ဒရုန်းများက GIUK အား စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ပြီး ရုရှားရေငုပ်သင်္ဘောလှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံ နိုင်မည်ဖြစ်ပါသည်။
"Dynamic Mongoose" နှင့် "Northern Viking" ကဲ့သို့သော ကြီးမားသည့် စစ်ရေး လေ့ကျင့်မှုများသည် ရေငုပ်သင်္ဘောများ၊ ရေပြင်တိုက်သင်္ဘောများနှင့် ရေကြောင်းကင်းလှည့် လေယာဉ်များအကြား ညှိနှိုင်းဆောင်ရွက် လေ့ကျင့်နိုင်စေပြီး ခြိမ်းခြောက်မှုများကို ထိရောက်စွာ ထောက်လှမ်းတုံ့ပြန်နိုင်ရန် ရည်ရွယ်ထားကြပါသည်။ နေတိုးသည် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ဆောင်ရွက်နိုင်မှု မြှင့်တင်ရန် စံသတ်မှတ်ထားသော ASW နည်းဗျူဟာများနှင့် အချိန်နှင့်တစ်ပြေးညီ ထောက်လှမ်းရေးမျှဝေမှုစနစ်များကိုပါ တီထွင်ခဲ့ပါသည်။
အမေရိကန်၏ ဒုတိယရေယာဉ်စု (US 2nd Fleet) ကို ပြန်လည်အသက်သွင်းခြင်းနှင့် နေတိုး၏ နော်ဖော့ခ်ပူးတွဲတပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် တည်ထောင်ခြင်းတို့သည် ပေါ်ပေါက်လာသော ခြိမ်းခြောက်မှုများမှ ထရန်စ် အတ္တလန္တိတ် ပင်လယ်ဆက်သွယ်ရေး လမ်းကြောင်းများ (SLOCs) လုံခြုံစေရန် ပြန်လည် ကတိကဝတ်ပြုမှုကို ထင်ဟပ်ဖော်ပြနေပါသည်။
အချုပ်ဆိုရသော် GIUK သည် ရာစုနှစ်တစ်ခုကျော်ကြာ မြောက်အတ္တလန္တိတ်၏ မဟာဗျူဟာမြောက်ဟန်ချက်ညီမှုကို ပုံဖော်ခဲ့သည့် အဓိက ရေကြောင်းပိတ်ဆို့မှုအချက်အချာ အဖြစ် တည်ရှိခဲ့ပါသည်။ ကမ္ဘာစစ်များအတွင်း မဟာမိတ်တို့၏ အသက်သွေးကြောကို ကာကွယ်ခြင်းနှင့် စစ်အေးတိုက်ပွဲအတွင်း ဆိုဗီယက် ရေငုပ်သင်္ဘောများကို ခြေရာခံခြင်းမှသည် ယနေ့ ခေတ်ရုရှား၏ စစ်ရေးချဲ့ထွင်မှုနှင့် ပေါင်းစပ်ခြိမ်းခြောက်မှုများအထိ GIUK သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ အာတိတ်ဒေသ ရေခဲများ ဆက်တိုက် အရည်ပျော်လာခြင်း၊ ရုရှား၏ စစ်ရေးချဲ့ထွင်ခြင်းနှင့် နည်းပညာတိုးတက်ခြင်းတို့သည် အဆိုပါဒေသ၏ မဟာဗျူဟာအရေးပါမှုကို ပိုမိုမြင့်တက်စေမည်သာ ဖြစ်ပါသည်။ နေတိုး၏ စောင့်ကြည့်ရေးနှင့် ဟန့်တားရေးစွမ်းရည်များကို ထိန်းသိမ်း နိုင်မှုသည် မြောက်အတ္တလန္တိတ်နှင့် ယူရိုအတ္တလန္တိတ် ဒေသတစ်ခုလုံး၏ အနာဂတ် ပါဝါချိန်ခွင်လျှာကို အဆုံးအဖြတ်ပေးမည့် အဓိကအချက်အဖြစ် ဆက်လက်တည်ရှိ မည်ဖြစ်ပါသည်။ သေချာသည်မှာ GIUK သည် မြောက်အတ္တလန္တိတ် လုံခြုံရေး၏ ကျောရိုးမကြီးအဖြစ် ဆက်လက်တည်ရှိနေပါလိမ့်မည်။
