လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်ဖြင့် . . .
Posted_Date
Image
Body
မြန်မာနိုင်ငံ၏ ဖြတ်သန်းခဲ့ရသောသမိုင်းကြောင်းအရ တပ်မတော်သည် နိုင်ငံတော်အား လွတ်လပ်ရေးရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ရရှိထားသော လွတ်လပ်ရေးကို တည်တံ့ခိုင်မြဲအောင်လည်း ယနေ့တိုင် စောင့်ရှောက်ကာကွယ်လျက်ရှိသည်။ ကာကွယ်ရေး မောင်းနှင်အား အမြဲရှင်သန်နေပါလျှင် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည်လည်း တည်တံ့ခိုင်မြဲနေမည်သာဖြစ်သည်။
ကာကွယ်ရေး မောင်းနှင်အားဆိုသည်မှာ အခိုက်အတန့် တစ်ခုအတွင်းသာ ရှင်သန်နေခြင်းမျိုးမဟုတ်ပေ။ လူသားမျိုးနွယ် အဆက်ဆက်တို့ လက်ဆင့်ကမ်းထမ်းဆောင်နေရမည့် တာဝန်ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်ဟု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၃၇ တွင် ပြဋ္ဌာန်းထားသည့် အတိုင်း တပ်မတော်အနေဖြင့် နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် ဦးစီးဦးဆောင်ပြု ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်ဆိုသည်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ် ပါဝင်သော နိုင်ငံတော်၏ကာကွယ်ရေးတပ်ပေါင်းစုဖြစ်သည်။ ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်ကို အပြည့်အဝ ကာကွယ်နိုင်ကြရမည် ဖြစ်သည်။ ထိုသို့ကာကွယ်ပေးနိုင်ရန်အတွက် လေ့ကျင့်ရေးသည် အဓိကဖြစ်သည်။ တပ်မတော်၏ အဓိက တာဝန်ကြီးသုံးရပ်တွင်လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်ဟူ၍ ရှိပေရာ အဆိုပါ လုပ်ငန်းကြီးသုံးရပ် ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်သားပြည့်ဝနေရန် လိုပေသည်။
ထိုသို့လေ့ကျင့်သားပြည့်ဝနေစေရန် တပ်မတော်သားတို့ အစဉ်တစိုက်ကြိုးစားဆောင်ရွက်လျက်ရှိပေရာ သင်တန်းများ တက်ရောက်ခြင်း၊ သင်တန်းပြီးမြောက်ခြင်းတို့ဖြင့် စစ်စွမ်းအင်၊ စစ်စွမ်းအားကြီးမား ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြသည်။ တပ်မတော်(ရေ)အနေဖြင့်လည်း တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဟူသည့် အသင့်ဖြစ်မှု(၃)ရပ်နှင့် ပြည့်စုံအောင် ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်(ရေ)မှအရာရှိ၊ စစ်သည်များ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အလေးအနက်ထားဆောင်ရွက်လျက်ရှိရာ ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ ဗဟုသုတတိုးတက်ရေးဟောပြောပွဲများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများဖြင့် ဘက်စုံထောင့်စုံ အရှိန်အဟုန်မြှင့်တင်လျက်ရှိသည်။ အရာရှိ၊ စစ်သည်များအနေဖြင့် လေ့လာမှတ်သားမှုများ၊ ကျွမ်းကျင်ရန်လေ့ကျင့်မှုများ၊ လုပ်ငန်းခွင်တွင် လက်တွေ့လိုက်နာ ကျင့်သုံးမှုများဖြင့် အောင်မြင်မှုအသီးအပွင့်များ ဖွံ့ဖြိုးဝေစည်စေခဲ့ပြီး အမျိုးသား၊ အမျိုးသမီးအရာရှိ၊ စစ်သည်များအားလုံး လူ့စွမ်းအား အရင်းအမြစ် ဟန်ချက်ညီတိုးတက်စေရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၈၅)၊ တပ်မတော်(ရေ)အရာရှိငယ်(အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ်(၅၉)နှင့် တပ်မတော်(ရေ) အမျိုးသမီးအရာရှိငယ်သင်တန်းအမှတ်စဉ်(၁၀)တို့သည် သင်တန်းအောင်မြင် ပြီးမြောက်ခဲ့ပြီဖြစ်သည်။
အဆိုပါအရာရှိငယ်များမှာ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)တို့မှ စာပေပညာ၊ စစ်ပညာများ သင်ယူတတ်မြောက်ခဲ့ကြပြီး ရေတပ်ဆိုင်ရာအခြေခံပညာရပ်များကို ဆက်လက်သင်ယူကြရခြင်းဖြစ်ရာ သင်တန်းကာလအတွင်း နိုင်ငံတကာရေတပ်စံနှုန်းများနှင့်အညီ ရေကြောင်းဆိုင်ရာပညာရပ်များ၊ ရေတပ်လက်နက်နှင့် လက်နက်စနစ် ပညာရပ်များ၊ ရေတပ်ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ပညာရပ်များ၊ ရေတပ်စစ်ဆင်မှုပညာရပ်များ၊ ရေတပ်အုပ်ချုပ် ထောက်ပံ့မှုပညာရပ်များ၊ ရေကြောင်းစက်မှုလက်မှုပညာရပ်များ၊ ရေကြောင်းလျှပ်စစ်ပညာရပ်များ၊ ရေကြောင်း အင်ဂျင်နီယာ ပညာရပ်များနှင့် ရေယာဉ်တည်ဆောက်မှုပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားခဲ့ကြပြီးဖြစ်သည်။
ဆက်လက်၍ စစ်ရေယာဉ်ကြီးများတွင် တွဲဖက်ပဲ့စင်တာဝန်ကျအရာရှိနှင့် တွဲဖက်စက်မှုလက်မှု တာဝန်ကျအရာရှိများအဖြစ် လက်တွေ့လုပ်ငန်းခွင်တွင် ထပ်မံလေ့လာဆည်းပူးကြရမည်ဖြစ်သည်။ လုပ်ငန်းခွင်တွင် လက်တွေ့လေ့ကျင့်မှုများ ပြီးဆုံးသွားသည့်အခါ အရည်အချင်းပြည့်မီသူများကိုသာ စစ်ရေယာဉ်များတွင် တာဝန်ပေးသွားမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ထိုက်သင့်သည့် ပညာရပ်များဖြင့် လုပ်ငန်းအတွေ့အကြုံရရှိပြီးချိန်တွင် အထူးပြုဘာသာရပ်ဆိုင်ရာပညာရပ်များကို ထပ်မံတက်ရောက် သင်ကြားကြရမည်ဖြစ်သည်။
တပ်မတော်(ရေ)ဆိုသည်မှာလည်း နိုင်ငံအတွက်အစဉ်အလာကြီးမားသည့် သမိုင်းကြောင်းရှိထားပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစ ရန်ကုန်အစိုးရဟု အထင်သေးခံနေရချိန်တွင် မြစ်ဝကျွန်းပေါ်ဒေသတိုက်ပွဲများ၊ ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်း တိုက်ပွဲများ၌ ရွပ်ရွပ်ချွံချွံ ပါဝင်ဆင်နွှဲခဲ့သည်။ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များအပြင် တံမြက်စည်း၊ ရေဘီလူး၊ ရေသူရဲ၊ ရေသဘက် အမည်တွင်သော ဘီးတပ်အမြောက်များသည် အကြမ်းဖက်သောင်းကျန်းသူတို့ ၏ ထိုးစစ်မှန်သမျှကို ရိုက်ချိုးနိုင်ခဲ့သည်။ စစ်ရေယာဉ်(မေယု)မှ အမြောက်ကြီး၏ တိကျထိရောက်သောပစ်ကူပေးမှုသည် နာမည်ကျော်ခဲ့သည်။
အင်းစိန်၊ သန်လျင်ကျိုက်ခေါက်၊ ပုသိမ်၊ ကျောက်ဖြူနှင့် မော်လမြိုင်တိုက်ပွဲတို့တွင် သောင်းကျန်းသူများအား ကြောက်ရွံ့တုန်လှုပ်စေခဲ့သည့် သမိုင်းကောင်းများစွာရှိသည်။
အဆိုပါသမိုင်းကောင်းများ အမြဲတမ်းရှင်သန်နေစေရန် စစ်ရေယာဉ်နှင့် စစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် အမြဲမပြတ်လေ့ကျင့်နေရမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်(ရေ)အနေဖြင့် သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။ လေ့ကျင့်ရေးသည် စစ်ဆင်ရေးအောင်မြင်မှုအတွက် အခြေခံမဏ္ဍိုင်ဖြစ်သည်။ တပ်မတော်(ရေ)သည် ရေမိုင်ပေါင်း ၁၂၆၀ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် စတုရန်းမိုင်ပေါင်း ၁၄၀၀၀၀ ကျော် ကျယ်ဝန်းသော မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်လျက်ရှိပြီး ယခုအခါ ဒေသတွင်းရေတပ်များက ခံ့ညားလေးစားပြီး နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် တပ်မတော်(ရေ)အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
ရရှိထားသော အရှိန်အဟုန် ပိုမိုမြင့်မားစေရေးအတွက် နိုင်ငံတော်အကြီးအကဲက ချမှတ်ထားသည့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆောင်ပုဒ်အတိုင်း အစဉ်သတိပြု ဆောင်ရွက်နေကြရမည် ဖြစ်သည်။
သင်တန်းမှပို့ချပေးသော သင်ခန်းစာများ၊ ပြင်ပမှလေ့လာရရှိသော ဗဟုသုတများဖြင့် ကျွမ်းကျင်ရန်လေ့ကျင့်မှုများ၊ လုပ်ငန်းခွင်တွင် လက်တွေ့လိုက်နာကျင့်သုံးခြင်းများကို လုပ်ဆောင်နေကြရမည်ဖြစ်သည်။ စစ်သည်တော်တစ်ဦးချင်းစီက အရည်အချင်း ပြည့်ဝနေအောင် ကြိုးစားခြင်းဖြင့် တပ်မတော်(ရေ)၏ အောင်မြင်တိုးတက်မှုများ ဆက်လက်ထိန်းသိမ်းထားရမည့်အပြင် ပိုမိုတိုးတက်သော အောင်မြင်မှုများရရှိရေးအတွက် လေ့လာခြင်း၊ လေ့ကျင့်ခြင်း၊ လိုက်နာခြင်းပြုနေကြရမည်ဖြစ်သည်။
တပ်မတော်(ရေ)အနေဖြင့် “နိုင်ငံတော်အား ရှေ့တန်းကျကျကာကွယ်နိုင်ရမည်၊ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်နိုင်ရမည်၊ (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရမည်” ဆိုသည့်ရည်မှန်းချက်တာဝန်များထားရှိကာ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ကို တည်ဆောက်လျက်ရှိသည်။ ထိုသို့ တည်ဆောက်ရာတွင် တပ်မတော်(ရေ)၏ ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့်တပ်မတော်
အတွက် အားကိုးအားထားပြုနိုင်သည့် တပ်မတော်(ရေ)အဖြစ် ရပ်တည်နိုင်ရမည်ဖြစ်သည်။
တပ်မတော်(ရေ)အနေဖြင့် စစ်ရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ သံတမန်ရေးရာကဏ္ဍနှင့် စာနာအကူအညီပေးရေး ကဏ္ဍဟူသည့် ကဏ္ဍကြီး(၄)ရပ်ကို စနစ်တကျဖြင့် ထိရောက်အောင်မြင်စွာ တာဝန်ထမ်းဆောင်နိုင်ရေး ဦးတည်ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့ပင်လယ်ပြင်နှင့် နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်အဖြစ် ထမ်းဆောင်နေပြီး သမားရိုးကျစစ်ဆင်ရေး၊ သောင်းကျန်းသူနှိမ်နင်းရေး၊ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးတို့ကိုပါ ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်(ရေ)သည် ယခင်က ပင်လယ်ပြင်စစ်ဆင်ရေးများကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ခဲ့သည့် ရေတပ်မှ ယခုအခါ သီးသန့်စီးပွားရေးဇုန်နှင့် ပင်လယ်ပြင်နယ်နိမိတ်တစ်လျှောက် စိုးမိုးလှုပ်ရှားနိုင်သည့် ရေတပ်အဖြစ်တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်သည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်(ရေ)ဖွဲ့စည်းတည်ထောင်မှု (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ ဂုဏ်ပြုအမှာစကားပြောကြားစဉ် “၂၁ ရာစုတွင် နိုင်ငံအများစုသည် သမား ရိုးကျခြိမ်းခြောက်မှု များအပြင် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများဖြစ်သည့် ပင်လယ်ဓားပြမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုကူးမှုစသည့် ရေကြောင်းလုံခြုံရေးဆိုင်ရာပြဿနာများကို ရင်ဆိုင်ဖြေရှင်းနေကြရကြောင်း၊ ထိုသို့ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ခေတ်မီပြီး အင်အားတောင့်တင်းခိုင်မာသည့် ရေတပ်ရှိရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့၏ပိုင်နက်ပင်လယ်၊ သီးသန့်စီးပွားရေးဇုန်၊ ကမ်းရိုး တန်းဒေသများနှင့် နိုင်ငံ၏ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်ဥပဒေများနှင့်အညီ အပြည့်အဝ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်မည်ဖြစ်
ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားများသည် ပိုင်နက်ပင်လယ်ပြင်အတွင်းသာမဟုတ်ဘဲ သီးသန့်စီးပွားရေးဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင်အထိ ကျယ်ပြန့်စွာတည်ရှိနေသည့်အတွက် တပ်မတော်(ရေ)အနေဖြင့် လွှမ်းခြုံကာကွယ်နိုင်ရမည်ဖြစ်သည်။ ထိုသို့ကာကွယ်ရာတွင် ရေတပ်တစ်ခုတည်းဖြင့်သာမကဘဲ ကြည်းတပ်၊ လေတပ်၊ ကမ်းခြေစောင့်တပ်ဖွဲ့တို့နှင့်ပေါင်းစပ်ပြီး ကာကွယ်ကြရမည်ဖြစ်သည်။ ရေကြောင်းစစ်ဆင်ရေးမှာ ဘက်စုံအသွင်ဆောင်သည့် သဘောသဘာဝရှိပြီး မျက်မှောက်ခေတ်ရေကြောင်း စစ်ဆင်ရေးကဏ္ဍကို ထိရောက်အောင်မြင်စွာ စစ်ဆင်နိုင်ရန် စစ်ရေယာဉ်မျိုးစုံပါဝင်ပြီး ခေတ်မီလက်နက်နှင့် လက်နက်စနစ်များ၊ အရည်အချင်းပြည့်ဝသည့် ရေတပ်မတော်သားများနှင့် ဟန်ချက်ညီညီ ပေါင်းစပ်စစ်ဆင်ရန် လိုအပ်သည့်အပြင် ကမ်းတက်စစ်ဆင်ရေး၊ မြစ်တွင်းစစ်ဆင်ရေး၊ ခြေလျင်အသွင်တိုက်ပွဲဝင်နိုင်ရေးတို့အတွက်ပါ အမြဲစုဖွဲ့လေ့ကျင့်ထားရမည်ဖြစ်သည်။
ယခုအခါ တပ်မတော်(ရေ )အရာရှိငယ်(စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၈၅)၊ တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ် (၅၉)နှင့် တပ်မတော်(ရေ)အမျိုးသမီးအရာရှိငယ် သင်တန်းအမှတ်စဉ်(၁၀)သင်တန်းဆင်း အရာရှိများအနေဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဟူသော ယုံကြည်ချက်၊ ခံယူချက်ထားရှိကာ “လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓာတ်ဖြင့်” တပ်မတော်(ရေ)၏ အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းကြရန် ဖြစ်ပါကြောင်း ဂုဏ်ပြု ရေးသားအပ်ပါသည်။ ။
MWD
