Lufthansa နှင့် FedEx တို့သည် ဖိလစ်ပိုင်နိုင်ငံတွင် ဒေါ်လာ ၆၀၀ သန်း ရင်းနှီးမြှုပ်နှံမည်
ဖိလစ်ပိုင်နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်ရန် လုပ်ဆောင်နေချိန်တွင် Lufthansa နှင့် FedEx Corp တို့သည် ဖိလစ်ပိုင်ရှိ အမေရိကန် လေတပ်အခြေစိုက်စခန်းဟောင်းတစ်ခု၌ သီးခြားစီလုပ်ငန်းခွဲများ တည်ဆောက်ရန်အတွက် ဒေါ်လာ ၆၀၀ သန်းကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အဆင့်မြင့်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်ကုမ္ပဏီ MacroAsia Corp နှင့် Lufthansa Technik တို့ အကျိုးတူပူးပေါင်းထားသည့် Lufthansa Technik Philippines သည် Pampanga ပြည်နယ်ရှိ Clark အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းနှင့် စစ်ဆေးခြင်း (MRO) အဆောက်အအုံတစ်ခု တည်ဆောက်ရန်အတွက် ဒေါ်လာ ၄၀၀ သန်း ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း Bases Conversion and Development Authority ၏ ဥက္ကဋ္ဌနှင့် စီအီးအို Joshua Bingcang က ပြောကြားခဲ့သည်။
အဆိုပါအေဂျင်စီသည် စစ်ဘက်ဆိုင်ရာ မြေနေရာဟောင်းများကို စီးပွားရေးအချက်အချာနေရာများအဖြစ် ဖော်ဆောင်ပေးနေပြီး ထိုလုပ်ငန်းများမှရရှိသော ဝင်ငွေများသည် စစ်တပ်အဆင့်မြှင့်တင်ရေးအတွက် ရန်ပုံငွေအဖြစ် အထောက်အကူပြုမည်ဖြစ်သည်။
အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရာတွင် နောက်ကောက်ကျန်နေသော ဖိလစ်ပိုင် နိုင်ငံသည် ဒေသတွင်းသို့ ၎င်းတို့၏ လုပ်ငန်းများကို တိုးချဲ့ရန်နှင့် နယ်ပယ်စုံဖြန့်ကြက်ရန် ကြိုးပမ်းနေသည့် ကုမ္ပဏီများအတွက် ဗဟိုချက်တစ်ခုအဖြစ် မိမိကိုယ်ကို ပုံဖော်လျက်ရှိသည်။
အာဆီယံရင်းနှီးမြှုပ်နှံမှုအစီရင်ခံစာ (Asean Investment Report) မှ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၉ ဘီလီယံအထိ ရှိခဲ့ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင်မူ ဒေါ်လာ ၁၁ ဘီလီယံမှ ၂၄ ဘီလီယံအကြား ရှိခဲ့ကြောင်း ပြသနေသည်။
မြို့တော်၏ အဓိကလေဆိပ်တွင် လက်ရှိလုပ်ငန်းလည်ပတ်မှုရှိနေသော Lufthansa Technik Philippines သည် လာမည့်နှစ်နှစ်မှ သုံးနှစ်အတွင်း ၁၅ ဟက်တာကျယ်ဝန်းသည့် မြေနေရာပေါ်တွင် Airbus A380 ဂျမ်ဘိုလေယာဉ်ကြီးများကဲ့သို့သော လေယာဉ်များကို ဝန်ဆောင်မှုပေးနိုင်မည့် အဆောက်အအုံတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း Bingcang က ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၅) တွင် ပြောကြားခဲ့သည်။
မနီလာမြို့ပြင်ပရှိ အဓိကလေကြောင်းဗဟိုချက်ဖြစ်သော Clark တွင် Singapore Airlines နှင့် Metrojet တို့သည်လည်း MRO (လေယာဉ်ပြုပြင်ထိန်းသိမ်းရေး) စခန်းများ ရှိကြသည်။ တစ်ချိန်တည်းမှာပင် FedEx သည် Clark ရှိ ၎င်း၏ လက်ရှိအဆောက်အအုံကို တိုးချဲ့လျက်ရှိပြီး ဒေါ်လာ သန်း ၂၀၀ ကျော် သုံးစွဲသွားမည်ဖြစ်ကြောင်း Bingcang က ဆိုသည်။
ထို့အပြင် Korean Water Resources Corp နှင့် Maynilad Water Services Inc တို့သည်လည်း ရေပေးဝေရေးနှင့် မိလ္လာစနစ်ဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ရန် ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုချက်တင်သွင်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
